အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၆၃)
၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တောင်အာဖရိကနဲ့ ဘော့ဆွာနာ နိုင်ငံတွေမှာ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် (Omicron) ဗိုင်းရပ်စ်ကိုစတွေ့ခဲ့ပါတယ်။ နိုဝင်ဘာ ၃၀ မှာ ပြည်ပ ခရီးသွားတွေကတဆင့် အိုမီခရွန် ပြန့်နှံ့ရောက်ရှိသွားတဲ့ နိုင်ငံ ၁၉ နိုင်ငံထက်မနည်း ရှိလာပါတယ်။ အချိန်တိုအတွင်းမှာပဲ ခရီးသွားတွေက တဆင့် ဩစတြေးလျ၊ ဩစတြီးယား၊ ဗြိတိန်၊ ကနေဒါ၊ ချက်၊ ဒိန်းမတ်၊ဂျာမနီ၊ အစ္စရေး၊ အီတလီ၊ နယ်သာလန်၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ ဟောင်ကောင်၊ ဂျပန်၊ ဘရာဇီးနဲ့ ဆွစ်ဇာလန် နိုင်ငံတွေဆီ ရောက်သွားပြီး သံသယ လူနာ ၁,၀၀၀ ကျော် ရှိလာပါတယ်။
မျိုးကွဲသစ် အိုမီခရွန်က အန္တရာယ်ကြီးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပြောထားပါတယ်။ တချိန်တည်းမှာပဲ ကူးစက်မှုနှုန်း မြန်မယ့် အခြေအနေရှိနိုင်တာကြောင့် နိုင်ငံပေါင်းများစွာက ကိုယ့်နည်းလမ်းနဲ့ကိုယ် ကာကွယ် တားဆီး ကန့်သတ်မှုလုပ်မယ့်အစီအစဉ်တွေ ချက်ချင်း ဆိုသလို လုပ်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၄၀ ကျော်ဟာ တောင်အာဖရိကနဲ့ ဆက်စပ်နိုင်ငံတွေက လာမယ့်သူတွေကို တားဆီး ကန့်သတ်မယ့် အစီအစဉ်တွေ လုပ်ခဲ့ပြီး ဂျပန်၊ အစ္စရေးနဲ့ မော်ရိုကို အစရှိတဲ့ နိုင်ငံတွေကတော့ နိုင်ငံခြားက ဝင်လာမယ့်သူ အားလုံးကို ပိတ်ပင်လိုက်ပါတယ်။ တချိန်တည်းမှာ ခရီးသွားလုပ်ငန်းတွေ ပြန်စပြီး စီးပွားရေးနာလံထဖို့ အားယူနေတဲ့အာရှနိုင်ငံတွေအဖို့ အိုမီခရွန် ပြန့်နှံ့လာမှုက ထိုးနှက်ချက် ဖြစ်လာပါတယ်။
အခုပေါ်လာတဲ့ ကိုဗစ် မျိုးကွဲသစ် အိုမီခရွန်ဟာ ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းတုန်းက အိန္ဒိယနိုင်ငံမှာ စတွေ့ခဲ့တဲ့ ကိုဗစ်မျိုးကွဲ ဒယ်လ်တာ (Delta) ကူးစက်မှုလှိုင်း အကျပိုင်းရောက်ချိန်မှာ အသစ်ပေါ်လာတာ ဖြစ်ပါတယ်။ ကိုဗစ်မျိုးကွဲသစ်ကို နာမည်ပေးပုံကထူးခြားခဲ့ပါတယ်။ ပုံမှန်အတိုင်းဆိုရင် ဗိုင်းရပ်စ်မျိုးကွဲတွေကို ဂရိအက္ခရာနဲ့ အစဉ်လိုက် နာမည်ပေးရာ အလှည့်ကျတဲ့ အက္ခရာတွေထဲမှာ အက္ခရာ ရှီ (Xi) ကို ကျော်ပြီး အိုမီခရွန်လို့ ပေးလိုက်တာ ဖြစ်ပါတယ်။ တရုတ်ရဲ့ နိုင်ငံရေးအကဲဆတ်မှုကို ကျော်လွှားချင်တဲ့အတွက် အက္ခရာစဉ်ကို ကျော်ခဲ့ပုံရပါတယ်။
မြန်မာနိုင်ငံအဖို့ ဒေသတွင်း နိုင်ငံတွေနည်းတူ သတိထားရမယ့် အခြေအနေ ဖြစ်လာပါတယ်။ စစ်အာဏာ သိမ်းခံရပြီး နောက်ပိုင်းကိုဗစ်တတိယလှိုင်းဒဏ်ကိုပါ အလူးအလဲ ခံခဲ့ရတာကြောင့် နိုင်ငံတွင်း ကိုဗစ်မျိုးကွဲ အိုမီခရွန်နဲ့အတူ ဖြစ်လာမယ့် လှိုင်းကိုပါရင်ဆိုင်ရဦးမယ် ဆိုရင် ကြီးမားတဲ့ အခက်တွေ့မှု ထပ်ဖြစ်လာနိုင်ပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါခဲ့တဲ့ကျန်းမာရေး ဝန်ထမ်းတွေကို ဖမ်းဆီး၊ တရားစွဲဆို၊ ၀ရမ်းထုတ်မှုတွေ လုပ်ခဲ့တဲ့အတွက် ချည့်နဲ့ခဲ့ရတဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားဟာ အခုထိ အပြည့်အ၀ ပြန်လည် လည်ပတ်နိုင်စွမ်း မရှိသေးပါဘူး။ ကိုဗစ်ကြောင့် ကျဆင်းနေတဲ့စီးပွားရေးကလည်း အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပိုဆိုးတဲ့ အခြေအနေကို ဦးတည်နေပါတယ်။ အခုလည်း ကုန်သွယ်မှုကျဆင်းနေတာကို ကျားကန်တဲ့အနေနဲ့ အပြည့်အဝ ပြန်ဖွင့်ဖို့ စိုင်းပြင်းနေတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေလည်းအိုမီခရွန်ကြောင့် ပြန်ပိတ်သွားမယ့် အခြေအနေ ရှိပါတယ်။
◉ အိုမီခရွန် (Omicron) ဟာ ပိုပြီး ကူးစက်မှု မြန်စေမှာလား
ပညာရှင်တွေက နိဂုံးချုပ်ကောက်ချက် မဆွဲနိုင်သေးပါဘူး။ ဒါပေမဲ့ အိုမီခရွန်မှာ အရင်က မမြင်တွေ့ဖူးသေးတဲ့ မျိုးရိုးဗီဇပြောင်းအတွဲ (mutation) ၅၀ ကို တွေ့ရပါတယ်။ ဒါ့အပြင် လူ့ခန္ဓာကိုယ် ဆဲလ်အတွင်း တွယ်ငြိနိုင်တဲ့ ဆူးချွန်ပရိုတင်း (spike proteins) ၃၀ကျော်လည်း ပါဝင်ပြီး ရောဂါကူးစက်မှု မြန်ဆန်စေနိုင်ပါတယ်။ ဒါ့အပြင် အခြားမျိုးကွဲတွေလိုပဲ ဗီဇပြောင်းလဲမှု ရှိနိုင်တာကြောင့်ကူးစက်မှု မြင့်တက်လာနိုင်ဖွယ် ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းလောက်မှာ အိန္ဒိယနိုင်ငံကနေ စတင်ကူးစက်ခဲ့တဲ့ ဒယ်လ်တာမျိုးကွဲ (Delta) ကူးစက်မှုဟာ လှိုင်းတခုလို မြင့်မားခဲ့ပြီး အခုအချိန်မှာ အကျပိုင်းကို ပြန်ရောက်လာပါတယ်။ ဒီအခြေအနေမှာအိုမီခရွန် (Omicron) က အစားထိုးပြီး နောက်ထပ် ကူးစက်မှု လှိုင်းတခုဖြစ်လာမှာကို နိုင်ငံတကာက စိုးရိမ်နေကြတာပါ။
◉ အိုမီခရွန် (Omicron) က ပြင်းထန်ရောဂါ ဖြစ်စေမှာလား
အိုမီခရွန်က ပြင်းထန်ရောဂါ ဖြစ်စေမှာလားဆိုတာ အရေးကြီးတဲ့ မေးခွန်းတခုဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံမှာ တွေ့ရတဲ့ ကူးစက်မှုလောက်နဲ့ သုံးသပ်အဖြေထုတ်လို့ မရနိုင်သေးပါဘူး။ ဒါပေမဲ့ အရင် ကိုဗစ် ကူးစက်မှုတွေမှာ ကူးစက်မှု သိပ်မခံရတဲ့အသက် ငယ်ရွယ်သူတွေမှာ ရောဂါလက္ခဏာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ အခြားနာတာရှည်ရောဂါ ရှိနေတဲ့သူတွေအတွက်ဘယ်လို ဖြစ်နိုင်သလဲဆိုတာ အတိအကျ သိရဖို့ အနည်းဆုံးအချိန် တလ၊ နှစ်လ လိုအပ်ပါသေးတယ်။
◉ ကာကွယ်ဆေးတွေ အလုပ်ဖြစ်ဦးမှာလား
လက်ရှိထိုးနေတဲ့ ကိုဗစ် ကာကွယ်ဆေးတွေက အိုမီခရွန်ကို ကာကွယ်ပေးနိုင်မလား ဆိုတာက အရေးကြီးတဲ့ မေးခွန်း ဖြစ်နေပါတယ်။ ကာကွယ်ဆေး ထိုးပြီးတဲ့ လူတချို့ ကူးစက်ခံရတယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမဲ့ သေချာမှုမရှိသေးဘဲ အချိန်ယူလေ့လာဖို့ လိုအပ်နေပါသေးတယ်။ ကျွမ်းကျင်သူတွေ ပြောဆိုချက်အရတော့ အိုမီခရွန် ကူးစက်ခံထားရသူတွေထဲမှာကာကွယ်ဆေး ထိုးထားသူ နည်းတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးသူတွေမှာလည်း ရောဂါ မပြင်းထန်နိုင်ဘူးလို့ ပြောကြပါတယ်။ ကာကွယ်ဆေး ထုတ်နေတဲ့ ဆေးကုမ္ပဏီတွေကတော့ အသေးစိတ် လေ့လာမှုတွေ ဆက်လုပ်နေပြီးကာကွယ်ဆေးတွေကို အဆင့်မြှင့်တင်မှု လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။
◉ ဘာဆက်လုပ်ကြမလဲ
ဆေးကုမ္ပဏီတွေဘက်က ကာကွယ်ဆေး အသစ်တွေ ဆက်လက် စမ်းသပ်ဖို့ လိုအပ်နေတဲ့အချိန်မှာ၊ အုပ်စိုးသူတွေ၊ ပြည်သူ့ကျန်းမာရေးဌာနတွေကတော့ ရှိထားပြီးဖြစ်တဲ့ ဆေးတွေနဲ့ ကာကွယ်ဆေး ထိုးပေးတာ၊ ကိုဗစ်စည်းမျဉ်းတွေအတိုင်း လိုက်နာစေတာ၊ ကူးစက်ခံရသူ စတင်တွေ့ရှိတာနဲ့ ခြေရာကောက် – လူနာရှာဖွေ ကုသ (Track and trace) လုပ်ငန်းလုပ်တာ တွေကိုပဲ အားထည့်ဆောင်ရွက်ရမယ့်ပုံ ရှိပါတယ်။
အိုမီခရွန်က အရင်မျိုးကွဲတွေထက် ပိုပြီး ကူးစက်လာရင် အရင်လို တားမြစ်ပိတ်ဆို့တာတွေလည်း ဖြစ်နိုင်ပါတယ်။ စီးပွားရေးအရထိခိုက်နစ်နာမှု အကျိုးဆက်က ဆက်ဖြစ်လာဦးမှာမို့ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) ကိုစနစ်တကျတပ်ဆင်တာ၊ လက်ကို မကြာခဏ ဆေးတာ၊ မလိုအပ်ဘဲ လူအုပ်ထဲ မသွားတာတွေ၊ တဦးနဲ့ တဦး တတ်နိုင်သမျှ ခပ်ခွာခွာနေတာတွေ ဆက်လုပ်ကြရပါဦးမယ်။ ကာကွယ်ဆေး ထိုးခြင်းက အရေးအကြီးဆုံး အချက်တခု ဖြစ်နေပြီး ရတဲ့နေရာမှာ ရတဲ့ကာကွယ်ဆေး ထိုးနှံထားမှ ကိုဗစ်မျိုးကွဲသစ်တွေကို ရင်ဆိုင်ရာ ထိခိုက်မှု နည်းစေပါမယ်။ ကာကွယ်ဆေးထိုးထားပြီးရင်တောင်ပေါ့ပေါ့ဆဆ မနေဘဲ သတိဝီရိယ ထားပြီး ကာကွယ်ကြရမှာ ဖြစ်ပါတယ်။
∎ ဘာကြောင့်အလေးထားသင့်လဲ
အိုမီခရွန်က ကူးစက်မြန်နိုင်ခြေရှိပြီး ပြီးပြည့်စုံတဲ့ နိုင်ငံတွေမှာတောင် မျိုးကွဲသစ်အကြောင်း သိဖို့ အချိန်ယူ လေ့လာနေရဆဲ ဖြစ်ပါတယ်။ အခုချိန်မှာ ရာသီတုပ်ကွေးနဲ့အတူ ကိုဗစ်ကူးစက်ခံရမှု ကျဆင်းမသွားသေးတဲ့ အပြင်၊ ကာကွယ်ဆေးထိုးနှံထားမှု ၅၀ရာခိုင်နှုန်း ပြည့်မှီခြင်း မရှိသေးပါဘူး။ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု ယန္တရားက အပြည့်အ၀ ပြန်လည် လည်ပတ်နိုင်စွမ်း မရှိသေးပါဘူး။ ဒါကြောင့် ကိုဗစ်ကူးစက်မှုအခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး တဦးချင်းကစလို့ ထိရောက်တဲ့ ကာကွယ်တားဆီးမှု လုပ်နိုင်ရေးက အလေးအထားသင့်တဲ့ အကြောင်းအချက်တခု ဖြစ်ပါတယ်။
∎ တွဲဖက်လေ့လာသင့်သည်များ
ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းအချက်အလက်တွေ၊ ထုတ်ပြန်ကြေညာ ချက်တွေ နဲ့ ဒေသအလိုက်ကူးစက်ပြန့်နှံ့မှုတွေကို ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) က ဝက်ဘ်ဆိုက်နဲ့ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနတွေရဲ့ ဝက်ဘ်ဆိုက်မှာ ဝင်ရောက်လေ့လာနိုင်ပါ တယ်။ ကပ်ရောဂါကူးစက်မှုနဲ့ ကာကွယ်ဆေးထိုးနှံမှု ဆိုင်ရာ အချက်အလက်တွေကို ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ Coronavirus Resource Center ဝက်ဘ်ဆိုက်၊ Our World in Data ဝက်ဘ်ဆိုက်တွေအပြင် ရိုက်တာသတင်းဌာနကဖော်ပြထားတဲ့ Covid-19 Tracker မှာလည်း ကြည့်နိုင်ပါတယ်။




