What Matters

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီး ထောင်ချခံရသူများ

By ISP Admin | November 17, 2021

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၆၀)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၁၃ ရက်နေ့အထိ နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၁၀,၁၄၃ ဦးရှိခဲ့ပြီး ယခုအချိန်ထိ ဖမ်းဆီး ချုပ်နှောင်ခံထားရသူ စုစုပေါင်း ၇,၂၅၁ ဦးရှိပါတယ်။ ဖမ်းဆီး ခံထားရသူ အများစုက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ သာမန်အရပ်သားပြည်သူတွေနဲ့ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေနဲ့ CDM ကို ထောက်ခံအားပေးသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေ သာမက ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ ဖမ်းဆီး ထားသူတွေအပေါ် တရားစွဲဆိုမှု လုပ်ထားတဲ့ ကိန်းဂဏန်းတွေကို လေ့လာ ကြည့်ရင် ပုဒ်မ ၅၀၅ (က) ကို အများဆုံး အသုံးပြုနေတာ တွေ့ရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်း အကျဉ်းထောင် အသီးသီးမှာ ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ အခြားအကျဉ်းသားများကို ဖေဖော်ဝါရီ ၁၂ ရက်၊ ဧပြီ ၁၇ ရက်၊ ဇွန် ၃၀ ရက်နဲ့ အောက်တိုဘာ ၁၈ ရက်တွေ မှာ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ပြန်လည်လွတ်မြောက်လာသူ တချို့ကို ပုဒ်မအသစ်တွေ ထပ်တပ်ပြီး သူတို့ရဲ့ နေအိမ်တွေမှာစောင့်ဆိုင်းပြီး ပြန်ဖမ်းခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။ လွတ်မြောက်ပြီးမှ ပြန်အဖမ်းခံရသူ အရေအတွက် ၁၀၀ ဦးထက်မနည်း ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ပြောထားပါတယ်။

Download as PDF

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်က ဖော်ပြခဲ့တဲ့ ကိန်းဂဏန်းတွေ (အလေးထားရမည့်အကြောင်းအချက်များ အမှတ်-၅၄ ကိုရှုပါ) နဲ့နှိုင်းယှဉ်ရင် တလတာကာလအတွင်း ဖမ်းဆီးချုပ်နှောင်ခံရသူ စုစုပေါင်း ၁,၃၅၃ ဦးထက်မနည်း တိုးလာပါတယ်။

➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၅၄) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။

https://ispmyanmar.com/burmese/2021/10/10/wm-54/

∎ ဘာကြောင့်အလေးထားသင့်သလဲ

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူလူထုအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူ များအပေါ် တရားရေးမဏ္ဍိုင်အသုံးချပြီး ဖိနှိပ်မှုတွေအကြောင်း သုတေသနပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှ အင်အားသုံးအကြမ်းဖက်ဖမ်းဆီး ၀ရမ်းထုတ်နေမှု ပမာဏကို လေ့လာခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီ ရဲ့ဆန္ဒပြ ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိ ဆိုတဲ့ အပေါ် အသွင်ကူး ပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *