What Matters

တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုများနှင့် စစ်ပြေးဒုက္ခသည်များ

By ISP Admin | November 3, 2021

ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၆ ရက်အထိ (၂၀၂၁)

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၆)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ နည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ အခု အချိန်အထိလည်း ပုံသဏ္ဌာန် မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်းတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား အပြန် အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။ တခါ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာပဲ တတိုင်းပြည်လုံးကို အရေးပေါ် အခြေအနေ ကြေညာပြီးအုံကြွခုခံစစ် စတင်ကြဖို့ တိုက်တွန်းခဲ့ တာကြောင့် နိုင်ငံအနှံ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပိုများ လာပြီး ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေရဲ့ လှုပ်ရှားမှုတွေလည်း အရင်ထက် ပိုမို ပေါ်ထွက်လာပါတယ်။

Download as PDF

● ၁,၃၅၂ ကြိမ် ထက်မနည်း ဖြစ်ပွား

စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၁,၃၅၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ် အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာတော့အာဏာသိမ်း စစ်ကောင်စီနဲ့ KNU တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီနဲ့ KIA ၊ MNDAA တို့အကြား တိုက်ပွဲတွေလည်း ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ RCSS/SSA နဲ့ SSPP/SSA တို့အကြားမှာလည်းတိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါ။ တဆက်တည်းမှာပဲ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာအာဏာသိမ်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်က စပြီး အောက်တိုဘာ ၂၆ ရက်အထိ ဒေသအချို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု အကြိမ် ၁၈၀ ထက်မနည်း ဖြစ်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ခုခံတော်လှန်စစ် ကြေညာပြီးနောက်ပိုင်း စက်တင်ဘာ၈ ရက်မှ အောက်တိုဘာ ၂၆ရက်အတွင်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှု ၇၉ ကြိမ်ထက်မနည်း ရှိလာခဲ့ပါတယ်။

● အရပ်သား ၁,၄၆၀ ဦးကျော် သေဆုံး

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ အရေအတွက်ဟာ(အောက်တိုဘာ ၂၆ ရက်အထိ) ၁,၄၆၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၁,၂၁၈ ဦးဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုနဲ့ ဖမ်းဆီးခံရစဉ် ရခဲ့တဲ့ ဒဏ်ရာတွေ၊ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့ရသူတွေ ဖြစ်ပါတယ်။ တိုက်ပွဲတွေနဲ့အပြန်အလှန် ပစ်ခတ်မှုတွေ ကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ အရေအတွက်က ၂၄၂ ဦး ထက်မနည်း ရှိခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) နဲ့ ISP-Myanmar က စုဆောင်းထားတဲ့မှတ်တမ်းတွေ ဖြစ်ပါတယ်။ အခြားတဖက်မှာလည်း အ မျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စစ်ကောင်စီတို့ကလည်း သေဆုံးမှုကိန်းဂဏန်းတွေ ထုတ်ပြန်ထားပါတယ်။ NUG ရဲ့ စာရင်းအရ လေးလတာကာလအတွင်း တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ် ၁,၈၆၂ ကြိမ်ရှိခဲ့ပြီး၊ အရပ်သား သေဆုံးမှုက ၅၉၅ ဦး ရှိပါတယ်။ စစ်ကောင်စီဘက်မှ သေဆုံးသူ ၂,၄၇၈ ဦး ရှိတယ်လို့လည်း NUG က ဆိုပါတယ်။ စစ်ကောင်စီက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာတော့ အောက်တိုဘာ ၂၁ ရက်အထိ သေဆုံးသူ ၁,၃၃၇ ဦးရှိတယ်လို့ ပြောပါတယ်။ ဒီ အထဲမှာမှ ၉၇၀ ဦးကို အမျိုးအစားခွဲတဲ့အခါ ဒလန်လို့ စွပ်စွဲခံရပြီး သေဆုံးသူ ၄၀၆ ဦး၊ ပြည်ခိုင်ဖြိုးပါတီဝင်၊ မိသားစုတွေနဲ့ ပါတီထောက်ခံသူ ၂၅၃ ဦး၊ အစိုးရဝန်ထမ်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၄၀ ဦး၊ မြို့နယ်အဆင့်နဲ့ ရပ်ကွက်ကျေးရွာ တာဝန်ရှိသူ၁၀၂ ဦးနဲ့ ဗုံးဖောက်ခွဲမှု တွေကြောင့် သေဆုံးသူ ၁၄၀ ဦးရှိတယ်လို့ ဆိုပါတယ်။ NUG နဲ့ စစ်ကောင်စီက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအတွက် လွတ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။

●နေအိမ် ၈၃၃ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရ

၂၀၂၁ ခုနှစ် ဇွန်မှ အောက်တိုဘာ ၂၉ အထိ ငါးလတာကာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ အပြန်အလှန်ပစ်ခတ်မှု များအတွင်းအရပ်သားပြည်သူတွေရဲ့ နေအိမ်များ မီးရှို့ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ အများစုက ချင်းပြည်နယ် နဲ့မကွေးတိုင်းမှ ဖြစ်ပြီး ချင်းပြည်နယ်မှာ ၄၂၇ လုံးထက်မနည်း၊ မကွေးတိုင်းမှာ ၃၂၈ လုံး ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။မီးရှို့မှုတွေကို စစ်ကောင်စီဘက်မှ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဖော်ပြကြပေမဲ့ အိမ်ခြေ ၂၄၀ ကျော်အနက် ၂၀၀ ခန့် မီးလောင်ကျွမ်းခဲ့တဲ့ ကင်းမရွာ ဖြစ်စဉ်နဲ့ အောက်တိုဘာ ၂၉ ရက် ထန်တလန်ဖြစ်စဉ်တို့ကို တော့ သူတို့ လုပ်တာမဟုတ်ဘူးလို့ စစ်ကောင်စီက ငြင်းဆန်ထားပါတယ်။ ချင်းပြည်နယ်လွှတ်တော် ကိုယ်စားပြု ကော်မတီရဲ့ အောက်တိုဘာ ၃၀ ရက် ကြေညာချက်အရအောက်တိုဘာလအတွင်း ချင်းပြည်နယ် ထန်တလန်မြို့၊ ဖလမ်းမြို့နယ်နဲ့ မင်းတပ်မြို့နယ်အတွင်းက ကျေးရွာများမှ ဘုရားကျောင်း တလုံးနဲ့ အိမ်ခြေ ၄၀၇ လုံးထက်မနည်း မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၅ရက်က ဖော်ပြခဲ့တဲ့ အချက်အလက်တွေနဲ့ နှင့်နှိုင်းယှဉ်တဲ့အခါ (အလေးထားရမည့် အကြောင်းအချက်များ အမှတ်-၅၂ ကို ရှုပါ) မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေ ၃၄၀ ထက်မနည်း တိုးလာခဲ့တာ ဖြစ်ပါတယ်။

● စစ်ပြေးဒုက္ခသည် ၈,၀၀၀ ကျော် တိုးလာ

တိုက်ပွဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အောက်တိုဘာလအတွင်း စစ်ပြေးဒုက္ခသည် ၈,၁၀၁ ဦးကျော် ထပ် တိုးလာပါတယ်။ အောက်တိုဘာလအတွင်း ချင်းပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေ ဖြတ်သန်းသွားလာမှုတွေ ရှိခဲ့ပြီး နေအိမ်မီးရှို့ဖျက်ဆီးခံရမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကြောင်း ဖြတ်သန်းရာ လမ်းတလျှောက်မှာရှိတဲ့ ဒေသခံ ပြည်သူအချို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ခြင်းတွေ ရှိပါတယ်။ ဥပမာအားဖြင့် စစ်ကြောင်းဖြတ်သန်းရာ ဟားခါး-ဖလမ်း လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာ‌ခုနစ်ရွာထက် မနည်းမှ ဒေသခံပြည်သူ ၄,၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် ခဲ့ခြင်းတွေ ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက ကျေးရွာအချို့မှာလည်း စစ်ကောင်စီ တပ်စွဲထား မှုကြောင့် အနီးတဝိုက်မှ ဒေသခံပြည်သူ ၂,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်အတွင်းမှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်းအကြား တိုက်ပွဲတွေကြောင့် ဒေသခံ ၁,၁၀၀ ကျော်ခန့် စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊မုံးကိုး မြို့နယ်အတွင်းမှာလည်း MNDAA အဖွဲ့နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေကြောင့် ဒေသခံ ၄၀၀ ကျော်ခန့်မှာ တရုတ်-မြန်မာနယ်စပ် အနီးက လယ်ကွင်းတွေမှာ တိမ်းရှောင်နေကြရပါတယ်။ ဒါ့အပြင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်များနှင့် ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အနီးအနားက ပြည်သူ ၅၀၀ ကျော်မှာလည်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၅၂) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/ISPMyanmarpage/posts/2667926256844923

∎ ဘာကြောင့်အလေးထားသင့်သလဲ

အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *