What Matters

အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ

By ISP Admin | October 25, 2021

ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ (၂၀၂၁)

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၅)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (အောက်တိုဘာ၂၁ ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၁,၁၈၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ လွတ်လပ်သော အဖွဲ့အစည်းတရပ်ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) က အောက်တိုဘာ ၂၁ ရက်အထိ ပြုစုထားတဲ့ မှတ်တမ်းတွေအရ သေဆုံးသူ ၁,၁၁၅ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်းမရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။

Download as PDF

◉ သေဆုံးသူ အရေအတွက် ထုတ်ပြန်ချက်များ

AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှု မရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆို ထားသလိုစစ်ကောင်စီဘက်ကလည်း သေဆုံးသူ အရေအတွက် ထုတ်ပြန် လာတာတွေ ရှိပါတယ်။ စစ်ကောင်စီရဲ့ အောက်တိုဘာ ၂၃ ရက်ထုတ်ပြန်ချက်အရ အောက်တိုဘာ ၂၁ ရက်အထိ သေဆုံးသူ စုစုပေါင်း ၁,၃၃၇ ဦး ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဲဒီ ၁,၃၇၇ဦးထဲမှာ အရပ်သား ၁,၁၅၅ ဦး၊ တပ်မတော်သား ၇၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉၃ ဦး နဲ့ အစိုးရ ဝန်ထမ်း ၁၄ ဦး ပါဝင်ကြောင်း စစ်ကောင်စီက ဆိုထားပါတယ်။ ဒီကိန်းဂဏန်းတွေဟာ သူတို့ရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့အဖွဲ့ အစည်းတွေရဲ့ သီးခြားအတည်ပြုချက်တော့ မရှိပါဘူး။

တခါ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်တွေမှာ ဇွန်ကနေ စက်တင်ဘာအထိ ဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ်များအတွင်း ပြည်သူ ၅၉၅ ဦး သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်က ၂,၄၇၈ ဦး သေဆုံးတယ်လို့ ဆိုထားပါတယ်။ NUG ရဲ့အောက်တိုဘာ ၉ ရက် ထုတ်ပြန်ချက်မှာ (NUG ၏ ခုခံတွန်းလှန်စစ် ကြေညာပြီး) စက်တင်ဘာ ၇ ရက် နောက်ပိုင်း အရပ်သားတွေအပေါ် စစ်ကောင်စီဘက်က လုပ်ဆောင်တဲ့ အကြမ်းဖက်မှု အနည်းဆုံး ၁၅၃ ခု ဖြစ်ပွားခဲ့ပြီး ၁၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒီကိန်းဂဏန်းတွေ အတွက်လည်း လွတ်လပ်သော အဖွဲ့အစည်းများရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။

◉ သေဆုံးသူ ဆက်တိုးနေဆဲ

AAPP ရဲ့ မှတ်တမ်းတွေကို အခြေခံပြီး စက်တင်ဘာ ၁၇ ရက်က ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ်(၄၈) နဲ့ နှိုင်းယှဉ်ကြည့်ရင်သေဆုံးသူ အရေအတွက်က ၁,၀၈၉ ဦးကနေ အခု ၁,၁၈၃ ဦးထက်မနည်း ဖြစ်လာတာကြောင့် တလတာကာလအတွင်း သေဆုံးသူ ၉၄ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။

ဒီအတိုင်းပဲ စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့ စာရင်းတွေအရ သေဆုံးမှုတွေဟာ အရင်လက ၉၃၃ ဦး ရှိခဲ့ရာကနေ အခု ၁၃၃၇ ဦးအထိ ဖြစ်လာတာကြောင့် တလအတွင်း ၄၀၀ ကျော် တိုးလာပါတယ်။

➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၈) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။

https://ispmyanmar.com/burmese/2021/09/15/wm-48/

◉ လူငယ်၊ လူလတ်ပိုင်း သေဆုံးရမှုများ

AAPP မှတ်တမ်းကို အခြေပြုထားတဲ့ သေဆုံးသူ အရေအတွက် ၁,၁၈၃ ဦးကို အသက် အုပ်စုအလိုက် ကြည့်တဲ့အခါ အသက် ၁၈နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင်၄၁ နှစ်နဲ့ ၅၀အကြား အသက်အုပ်စုကလည်း သေဆုံးရမှု အများဆုံးဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသကစစ်ကိုင်းတိုင်း ဖြစ်ပြီး၊ ရန်ကုန်က ဒုတိယနေရာမှာ ရှိနေပါတယ်။

◉ စစ်ကြောရေးအတွင်း သေဆုံးရသူ ၄၈ ဦးကျော်ရှိ

ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးနောက် စစ်ကြောရေးအတွင်း သေဆုံးခဲ့ရသူ ၄၈ ဦးထက်မနည်း ရှိပါတယ်။ ဒီလို သေဆုံးရသူတွေအနက် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ပြီး ၁၅ ဦး၊ မန္တလေးတိုင်းမှ ဒုတိယအများဆုံးဖြစ်ပြီး ၁၂ ဦး၊ ရန်ကုန်တိုင်းမှ ၇ ဦးအထိ ရှိနေပါတယ်။ အသက်အရွယ်အားဖြင့် လူငယ်၊ လူရွယ်အများအပြား သေဆုံးခဲ့ရပြီး ၂၈ ဦးအထိ ရှိခဲ့ပါတယ်။ ကျား၊မ အရေအတွက်အားဖြင့် အမျိုးသား ၄၆ ဦးထက်မနည်း သေဆုံးပြီး အမျိုးသမီး ၂ ဦးထက်မနည်း သေဆုံးခဲ့ကြရပါတယ်။

◉ ဦးခေါင်းပစ်ခတ်ခံရသူ ၁၂၇ ဦးကျော်ရှိ

AAPP မှတ်တမ်းတွေကို အခြေခံထားတဲ့ သေဆုံးရသူ အရေအတွက်အထဲမှာ ဦးခေါင်းကို ပစ်ခတ်ခံရတာကြောင့် သေဆုံးရသူအရေအတွက်က ၁၂၇ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၉၀၄ ဦး၏ ၁၄ ရာခိုင်နှုန်း) အထိ ရှိပါတယ်။ဦးခေါင်းကို ပစ်ခတ်ခံခဲ့ရတာကြောင့် သေဆုံးခဲ့ရသူတွေ ထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေက ၅၀ ဒဿမ ၄ရာခိုင်နှုန်း အထိ အများဆုံး ဖြစ်ခဲ့ပါတယ်။ ဦးခေါင်း ပစ်ခတ်ခံရသူ အများဆုံး ဒေသက စစ်ကိုင်းတိုင်း ဖြစ်ပြီး ၃၀ ဦးအထိ ရှိပါတယ်။

∎ ဘာကြောင့်အလေးထားသင့်သလဲ

အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူ အရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကိုကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *