What Matters

တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုနှင့် စစ်ပြေးဒုက္ခသည်များ

By ISP Admin | October 6, 2021

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၂)

ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ (၂၀၂၁)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထု လှုပ်ရှားမှုတွေနည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိ အချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား အပြန် အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။

တခါ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာပဲ တတိုင်းပြည်လုံးကို အရေးပေါ်အခြေအနေ ကြေညာပြီး အုံကြွခုခံစစ် စတင်ကြဖို့ တိုက်တွန်းခဲ့ တာကြောင့် နိုင်ငံအနှံ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပိုများလာပြီးဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေရဲ့ လှုပ်ရှားမှုတွေလည်း အရင်ထက် ပိုမို ပေါ်ထွက်လာပါတယ်။

Download as PDF

● ၁,၁၅၄ ကြိမ် ထက်မနည်း ဖြစ်ပွား

စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၁,၁၅၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ် အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာတော့အာဏာသိမ်း စစ်ကောင်စီနဲ့ KNU တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီနဲ့ KIA ၊ MNDAA တို့အကြား တိုက်ပွဲတွေလည်း ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ RCSS/SSA နဲ့ SSPP/SSA တို့အကြားမှာလည်းတိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါ။

တဆက်တည်းမှာပဲ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ အာဏာသိမ်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်က စပြီးစက်တင်ဘာ ၃၀ ရက်အထိ ဒေသအချို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု ၁၅၇ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ခုခံတော်လှန်စစ် ကြေညာပြီးနောက်ပိုင်း စက်တင်ဘာ၈ ရက်မှ ၃၀ ရက်အတွင်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှု ၅၁ ကြိမ်ထက်မနည်း ရှိလာခဲ့ပြီး ခြောက်လတာကာအတွင်း အများဆုံး ဖြစ်ခဲ့ တာပါ။

● အရပ်သား ၁,၃၅၄ ဦးကျော် သေဆုံး

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ အရေအတွက်ဟာ(စက်တင်ဘာ ၃၀ ရက်အထိ) ၁,၃၅၄ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၁,၁၄၆ ဦးဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုနဲ့ ဖမ်းဆီးခံရစဉ် ရခဲ့တဲ့ ဒဏ်ရာတွေ၊ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့ရသူတွေ ဖြစ်ပါတယ်။ တိုက်ပွဲတွေနဲ့အပြန်အလှန် ပစ်ခတ်မှုတွေ ကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ အရေအတွက်က ၂၀၈ ဦးထက်မနည်း ရှိခဲ့ပါတယ်။

● နေအိမ် ၄၁၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရ

၂၀၂၁ ခုနှစ် ဇွန်မှ စက်တင်ဘာ လေးလတာကာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ အပြန်အလှန်ပစ်ခတ်မှု များအတွင်း အရပ်သားပြည်သူတွေရဲ့ နေအိမ်များ မီးရှို့ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ အများစုက မကွေးတိုင်းမှာရှိတဲ့ ကျေးရွာတွေဖြစ်ပြီး နေအိမ် စုစုပေါင်း ၃၂၁ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ မီးရှို့မှုတွေကို စစ်ကောင်စီဘက်မှ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဖော်ပြကြပါတယ်။ ဒါပေမဲ့ အိမ်ခြေ ၂၄၀ ကျော်အနက် ၂၀၀ ခန့် မီးလောင်ကျွမ်းခဲ့တဲ့ ကင်းမရွာ ဖြစ်စဉ်ကိုတော့ သူတို့ လုပ်တာမဟုတ်ဘူးလို့ စစ်ကောင်စီက ငြင်းဆန်ထားပါတယ်။

● စစ်ပြေးဒုက္ခသည် ၃၀,၄၀၀ ကျော် တိုးလာ

တိုက်ပွဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် စက်တင်ဘာလအတွင်း စစ်ပြေးဒုက္ခသည် ၃၀,၄၀၀ ကျော် ထပ်မံ တိုးလာပါတယ်။ ချင်းပြည်နယ် ထန်တလန်မြို့နဲ့ ဟားခါးမြို့တွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် နေအိမ်အချို့မီးလောင်ကျွမ်းခဲ့ပြီး အဲဒီမြို့နှစ်ခုက ဒေသခံ ၂၀,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပါတယ်။ မကွေးတိုင်းအတွင်းမှကျေးရွာအချို့မှာလည်း စစ်ကောင်စီရဲ့ ဝင်ရောက်စီးနင်းခြင်း၊ မီးရှို့ဖျက်ဆီးခံရခြင်းတွေ ကြုံတွေခဲ့ရပြီး ဒေသခံပြည်သူ ၈,၀၀၀နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်းအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး စက်တင်ဘာ ၁၄ ရက်နေ့က မိုင်းကိုင်မြို့နယ်အတွင်းရှိတဲ့ ဒေသခံပြည်သူ ၂,၃၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၇) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/ISPMyanmarpage/posts/2648749025429313

https://www.facebook.com/ISPMyanmarpage/posts/2648749025429313

∎ ဘာကြောင့်အလေးထားသင့်သလဲ

အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *