အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၀)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် စက်တင်ဘာ ၂၂ ရက်အထိ နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၈,၃၅၁ ဦးရှိခဲ့ပြီး ယခုအချိန်ထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၆,၆၉၈ ဦးရှိပါသည်။ ဖမ်းဆီး ခံထားရသူအများစုက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ သာမန်အရပ်သား ပြည်သူတွေနဲ့ ကျောင်းသားတွေဖြစ်ကြပါတယ်။ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေနဲ့ CDM ကို ထောက်ခံအားပေးသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေသာမက ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ လက်ရှိ အချိန်ထိဖမ်းဆီးချုပ်နှောင်ခံရသူတွေထဲမှာ ဆရာဝန် ၄၈ ဦးပါဝင်နေပြီး ကိုဗစ်ကာလ ဆေးကုသမှု လှည့်လည် ပြုလုပ်ပေးနေတဲ့ ပရဟိတဆရာဝန်တွေကိုပါ စစ်ကောင်စီက ဖမ်းဆီးမှုတွေ လုပ်နေပါတယ်။ ဖမ်းဆီးထားသူတွေအပေါ် တရားစွဲဆိုမှု လုပ်ထားတဲ့ ကိန်းဂဏန်းတွေကိုလေ့လာ ကြည့်ရင် ပုဒ်မ ၅၀၅ (က) ကို အများဆုံး အသုံးပြုနေတာ တွေ့ရပါတယ်။ စက်တင်ဘာ ၇ ရက်နေ့က ဖော်ပြခဲ့သောကိန်းဂဏန်းများ (အလေးထားရမည့်အကြောင်းအချက်များ အမှတ်-၄၆ ကိုရှုပါ) နှင့်နှိုင်းယှဉ်ပါက ဖမ်းဆီးချုပ်နှောင်ခံရသူ ၄၇၅ဦး တိုးလာပါသည်။
➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၆) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။
∎ ဘာကြောင့်အလေးထားသင့်သလဲ
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူလူထုအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူ များအပေါ် တရားရေးမဏ္ဍိုင်အသုံးချပြီး ဖိနှိပ်မှုတွေအကြောင်း သုတေသနပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှ အင်အားသုံးအကြမ်းဖက်ဖမ်းဆီး ၀ရမ်းထုတ်နေမှု ပမာဏကို လေ့လာခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီ ရဲ့ဆန္ဒပြ ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိ ဆိုတဲ့ အပေါ် အသွင်ကူး ပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။
∎ တွဲဖက်လေ့လာသင့်သည်များ
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။






