Trends to be watched

စီးပွားရေးကဏ္ဍ စောင့်ကြည့်ရမည့် အရေးကြီးဖြစ်စဉ်များ (၄)

By ISP Admin | July 8, 2020

မေလ ၁ ရက်နေ့တွင် ဖြန့်ချိခဲ့သော ISP-Myanmar ၏ COVID-19 Special series ဒုတိယမြောက်စာအုပ်မှ စတင်၍ စီးပွား ရေးကဏ္ဍ စောင့်ကြည့်ရမည့် အရေးကြီးဖြစ်စဉ်များကို မှတ်တမ်းတင် ဖော်ပြခဲ့ပါသည်။ ယခု စတုတ္ထမြောက်စာအုပ်တွင်လည်း ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၆ ရက်နေ့အထိ ရရှိသော အချက်အလက်များကို အခြေပြုပြီး ထူးခြားချက်များကို ဆက်လက်၍ စုစည်းဖော်ပြအပ်ပါသည်။

မြန်မာ့စီးပွား အကျုံ့

ကမ္ဘာဘဏ် အစီရင်ခံစာ Myanmar Economic Monitor (မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာ) အဖြစ် ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ရာ ကမ္ဘာတဝန်းဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကြောင့် မြန်မာ့ စီးပွားရေး အကြီးအကျယ် ထိခိုက်နစ်နာဖွယ် ရှိသည်ဟု ဖော်ပြထားသည်။ တွက်ချက်မှုများအရ ဘဏ္ဍာရေးနှစ် ၂၀၁၈-၂၀၁၉ တွင် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ ခန့်မှန်းဖော်ြပခဲ့သော်လည်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ၀ ဒသမ ၅ ရာခိုင်နှုန်း သာ ရှိတော့မည်ဟု ဖော်ပြသည်။ စီးပွားရေးဖွံ့ဖြိုးမှု ကျဆင်းခြင်းကြောင့် ယခင်ကတိုးတက်မှုရရှိထားသော ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများ နောက်ကြောင်းပြန်စေမည် ဖြစ်သည်။ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှသာ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ၇ ဒသမ ၂ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။

ကိုဗစ်ကာလအတွင်း အလုပ်လက်မဲ့ ဦးရေ နှစ်သိန်းခွဲရှိခဲ့

အစိုးရ၏ စတုတ္ထ တနှစ်တာအတွင်း ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားရာ၌ ဒုတိယ ဝန်ကြီး ဦးမြင့်ကြိုင်က ကိုဗစ် ၁၉ ကာလအတွင်း စက်ရုံ၊ အလုပ်ရုံအကြီး ၂၇၀၊ အသေး ၅,၆၅၈ ရုံ ပိတ်ခဲ့ရပြီး၊ ပြည်ပနိုင်ငံများမှ ပြန်လာသည့်အလုပ် သမားများ အပါအဝင် အလုပ်လက်မဲ့ နှစ်သိန်းခွဲခန့် ရှိခဲ့ကြောင်း ဇွန် ၂၆ ရက်နေ့က ပြောကြားခဲ့သည်။ ယင်း နှစ်သိန်းခွဲ သော လူဦးရေတွင် ပြည်ပမှ ပြန်လာသူ ရွှေ့ပြောင်းလုပ်သား နိုင်ငံပေါင်းစုံမှ ၁၁၀,၀၀၀ ကျော် အပါအဝင်ဖြစ်သည်။

မြန်မာအစိုးရ၏ စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan- CERP)

ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်၍ အခြားဝန်ကြီးဌာနများ ပါဝင်သော ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီကို မတ်လ ၁၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး၊ ထိခိုက်သည့် စီးပွားရေးလုပ်ငန်းများအတွက် ကျပ်ဘီလီယံ ၁၀၀ (အမေရိကန်ဒေါ်လာ သန်း ၆၄ ခန့်) အား စတင်ထုတ်ချေးခဲ့သည်။ ဇူလိုင်လ ၂၀ ရက်နေ့တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ကိုဗစ်-၁၉ ကြောင့် ထိခိုက်သက်ရောက်မှုရှိသော ဒေသခံစီးပွားရေးလုပ်ငန်းများကို ဒုတိယအသုတ် ကူညီရန် ကျပ် ၁၀၀ ဘီလီယံ (၁ ရာခိုင်နှုန်း အတိုးနှုန်းဖြင့် ၁ နှစ်) ချေးပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ဇွန်လ ၂၃ ရက်နေ့ထုတ် Economic Intelligence Unit (EIU) အစီရင်ခံစာအရ စုစုပေါင်း စီးပွားလှုံ့ဆော်မှု ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃ ဘီလီယံခန့်ရှိမည်ဟု ဖော်ပြထားသည်။

ငွေကြေးမူဝါဒ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မျှော်လင့်မထားဘဲ မူဝါဒအရ ငွေတိုးနှုန်း (Key policy interest rate) ကို မတ်လအတွင်း ၂ ကြိမ် လျှော့ချခဲ့ရာ နောက်ဆုံး ၇ ရာခိုင်နှုန်းတွင် ရှိနေသည်။ နောက်ဆုံး လျှော့ချထားသည့်နှုန်း ၇ ရာခိုင်နှုန်း အတိုင်း ယခုနှစ်ကုန်အထိ ဆက်လက်ရှိနေမည်ဟု EIU အစီရင်ခံစာက ခန့်မှန်းထားသည်။ မိုဘိုင်းဘဏ်စနစ် ကန့်သတ်ထားမှုကို လျှော့ချပေးခဲ့ပြီး၊ ဒစ်ဂျစ်တယ် ဘဏ်စနစ်အတွက် ပလက်ဖောင်းကို တွန်းအားပေးမြှင့် တင်သွားမည်ဟု ဆိုသော်လည်း သိသာထင်ရှားသည့် ခြေလှမ်းများ မမြင်ရသေးပါ။ များမကြာမီ ရက်များအတွင်း ဇူလိုင်လ ၁ ရက်နှင့် ၃ ရက်နေ့ နှစ် ရက်တွင် ဗဟိုဘဏ်က ဒေါ်လာငွေ ၁၁ သန်းခွဲကို ဝယ်ယူခဲ့ရာ ငွေကြေးဈေးကွက်တည်ငြိမ်ရေး ဆောင်ရွက်မှုတခုဟု ယူဆနိုင်သည်။ ဒေါ်လာငွေ နှင့် ကျပ်လဲလှယ်နှုန်း ပြင်ပပေါက်ဈေး ၁,၃၆၀ ကျပ် ဝန်းကျင်သို့ ကျဆင်းနေရာမှ ပြန်ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဒေါ်လာ ဈေးကျဆင်းနေသော်လည်း လောင်စာဆီဈေး ကျဆင်းမှု မရှိပေ။ ပြင်ပနှင့် ရောက်ဝယ် ဖောက်ကားနေသူများအဖို့ (International trading) တွင် ငွေဖလှယ်မှု အန္တရာယ် တိုးလာစေသည်။ ပြည်ပပို့ကုန်လုပ်ငန်းများအဖို့ ခက်ခဲစေသည်။

ဘတ်ဂျက်မူဝါဒ

အစိုးရက စီးပွားရေးလှုံ့ဆော်မှု နှင့် COVID-19 ထိန်းချုပ်ရေးအတွက်နှင့် လမ်းပန်း၊ မဟာဓာတ်အားလိုင်း၊ လျှပ်စစ်ကဏ္ဍ စသည့် အခြေခံအဆောက်အဦကဏ္ဍတွင် မြှုပ်နှံမှုများ၊ အထွေထွေရွေးကောက်ပွဲ အသုံးစရိတ်များ အတွက် ဘတ်ဂျက်ကို ပို၍ သုံးစွဲမည် ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် အသုံးစရိတ် ကျပ် ဘီလီယံ ၅၀ လျာထားပြီး လွှတ်တော်က အတည်ပြုမှသာ အတည်ဖြစ်မည် ဖြစ်သည်။ EIU ၏ ဇွန်လ ၂၃ ရက် အစီရင်ခံစာ အရ ဘတ်ဂျက်လိုငွေပြမှု သည် GDP နှင့် နှိုင်းယှဉ်လျှင် ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်များတွင် (Budget Deficit to GDP ratio) ၇ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၆ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး ရှိမည်ဟု ဖော်ပြသည်။ NLD အစိုးရက ကိုဗစ်ကပ်ဘေးကာလတလျှောက် အခွန် ကင်းလွတ်ခွင့်များ ပေးခြင်း၊ အခများ လျှော့ပေးခြင်းတို့ကြောင့် ဘဏ္ဍာဝင်ငွေ လျှော့နည်းနိုင်သည်။

လျှပ်စစ်မီး [အန္တရာယ် – မြင့်]

EIU ၏ ၂၀၂၀ ပြည့်နှစ် ဇွန် ၂၃ ရက် ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်နိုင်စွမ်းကို [အန္တရာယ် – မြင့်] ဟု ဖော်ပြထားပြီး၊ သက်ရောက်မှုအပေါ်တွင်လည်း [မြင့်] ဟုဖော်ပြထားသည်။ ထိခိုက်မှုအပေါ် အမှတ် ၂၅ မှတ်ပေးထားရာတွင် ၁၆-မှတ်အထိ မြင့်မားသည်ဟု ဖော်ပြထားသည်။

နိုင်ငံတကာ ဆက်ဆံရေး [အန္တရာယ် – သင့်]

EIU ၏ ၂၀၂၀ ပြည့်နှစ် ဇွန် ၂၃ ရက် ဖော်ပြချက်အရ အနောက်နိုင်ငံများက လူ့အခွင့်အရေးမှတ်တမ်းကြောင့် မြန်မာနိုင်ငံအပေါ် စီးပွား ပိတ်ဆို့ဒဏ်ခတ်မှုများ အန္တရာယ်- [သင့်] (ဖြစ်လာပါက သက်ရောက်ထိခိုက်နိုင်မှု- [အလွန်မြင့်မား]) ဟု ဖော်ပြထားပါသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် တရုတ်နိုင်ငံက မြန်မာ၏ နိုင်ငံတကာဆက်ဆံရေး နှင့် ကုန်သွယ်ရေးတွင် အထူးအရေးပါ လာမည်ဟု EIU က ဖော်ပြသည်။ သက္ကရာဇ် ၂၀၂၀-၂၀၂၄ ကာလများအတွင်း အနောက်နိုင်ငံများက အကျယ်အပြန့်စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ဖွယ်မရှိဟု EIU က ယုံကြည်သော်လည်း၊ စစ်ခေါင်းဆောင်အချို့အပေါ် ပစ်မှတ်ထား အရေးယူမှု များ ပြုနိုင်သည်၊ အချို့သော အထူးကုန်သွယ်ခွင့် အခွင့်အရေး ရုပ်သိမ်းမှုများ ကြုံရဖွယ်ရှိသည်ဟု EIU က သုံးသပ်ဖော်ပြ သည်။

ကျန် အရေးပါသည့် အန္တရာယ်များအဖြစ် ဘဏ္ဍာဝင်ငွေ မြှင့်တင်နိုင်ရန် အခွန်တိုးကောက်သည့်အတွက် ကြိုတင်မခန့်မှန်းနိုင် သော အခွန်မူဝါဒ အပြောင်းအလဲများကို [မြင့်မား] နှင့် ကပ်ဘေးကာလအတွင်း ချေးငွေထုတ်ချေးရာတွင် အကဲဖြတ်စိစစ်နိုင်မှု အားနည်းသောကြောင့် ဘဏ်များ အကျပ်အတည်းတွေ့နိုင်ခြေကို [သင့်] နှင့် ၂၀၁၅ NCA အပစ်အခတ်ရပ်စဲရေး နှင့် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ပျက်နိုင်ခြေကို [သင့်] ဟု EIU အစီရင်ခံစာက ဖော်ပြထားသည်။

အကိုးအကား

  1. Daily Eleven. (ဇွန် ၂၇၊ ၂၀၂၀). “COVID-19 ကာလအတွင်း စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းပေါင်း ၅,၆၀၀ ကျော်ပိတ်ခဲ့ရပြီး၊ ပြည်ပနိုင်ငံများမှ ပြန်လာသည့် အလုပ်သမားများ အပါအဝင် အလုပ်လက်မဲ့ဦးရေ နှစ်သိန်းခွဲခန့်ရှိကြောင်း ဒုတိယဝန်ကြီး ပြောကြား။”
  2. The World Bank. (June 25, 2020). Myanmar’s Economy Severely Impacted by COVID-19: Report https://www.worldbank.org/en/news/press-release/2020/06/25/myanmars-economy-severely-impacted-by-covid-19-report
  3. Economic Intelligence Unit. (June 23, 2020). “Country Report: Myanmar”


Leave a Reply

Your email address will not be published. Required fields are marked *