အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၃)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေနည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိ အချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။
● ၈၇၀ ကြိမ် ထက်မနည်း ဖြစ်ပွား
စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၈၇၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာတော့အာဏာသိမ်း စစ်ကောင်စီနဲ့ KNU တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ KNU ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားထားတဲ့ KIC သတင်းဌာန ဖော်ပြချက်အရ ဩဂုတ် တလအတွင်း KNU တပ်မဟာ (၅) နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီနဲ့ KNU တို့အကြား တိုက်ပွဲပေါင်း အကြိမ် ၁၃၀ ကျော် ဖြစ်ပွားခဲ့ရာ၊ စစ်ကောင်စီဘက်မှ ၁၁၈ ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၈ ဦးရှိခဲ့ကာ KNU တပ်မဟာ (၅) ဘက်မှ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဩဂုတ် နောက်ဆုံးအပတ်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ကြူကုတ်(ပန်ဆိုင်း) ဒေသတွေမှာ စစ်ကောင်စီနဲ့ MNDAA တို့အကြားတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ၁၅ ဦးကျဆုံးပြီး၊ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရပါတယ်။
တဖန် ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာလည်း ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တို့အကြားအပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်က စပြီး ဩဂုတ် ၃၁ ရက်အထိ ဒေသအချို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု ၁၀၁ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ကြပါတယ်။
● အရပ်သား ၁၆၆ ဦးကျော် သေဆုံး
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၁၆၆ ဦးကျော် ရှိခဲ့ပြီးထိခိုက်ဒဏ်ရာရသူ ၁၃၈ ဦးကျော် ရှိခဲ့ပါတယ်။ အဆိုပါ သေဆုံးခဲ့ရသူတွေထဲမှာ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၅၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၆ ဦးလည်း ပါဝင်နေပါတယ်။ ယခုတပတ် အတွင်း သေဆုံးခဲ့ရသူတွေအနက် ၁၁ ဦးဟာ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းက ကျေးရွာအချို့မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနှင်းပြီးနောက် လိုက်လံပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူတွေ ဖြစ်ကြောင်း သိရပါတယ်။
● စစ်ပြေးဒုက္ခသည် ၁၁,၀၀၀ ကျော်တိုးလာ
တခါ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ယခုတပတ် အတွင်း စစ်ပြေး ဒုက္ခသည် ၁၁,၈၅၆ ဦးကျော် တိုးလာပြီး၊ စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ပြေးဒုက္ခသည် အရေအတွက် ၂၇၁,၄၅၆ ဦးကျော် ရှိလာခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်ဇန်နဝါရီ ၁ရက် ကစပြီး အခု ၂၀၂၁ ခုနှစ် ဩဂုတ် ၃၁ ရက်အထိ စစ်ပြေး ဒုက္ခသည် အရေအတွက်ကို ကြည့်ရင် ၇၆၈,၉၅၆ ဦးကျော် ရှိလာခဲ့ပါတယ်။
ယခုတပတ်အတွင်း တိုးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေအနက် ၅,၀၀၀ ကျော်ဟာ ကယားပြည်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအပြီး ဘေးလွတ်ရာကိုတိမ်းရှောင်လာကြတာပဲ ဖြစ်ပါတယ်။ အလားတူ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာအချို့မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းကြတာကြောင့် အနီးအနားက ဒေသခံပြည်သူ ၅,၀၀၀ ကျော်ဟာလည်း ဘေးလွတ်ရာကို ထပ်မံထွက်ပြေးတိမ်းရှောင်လာကြရပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ MNDAA တို့အကြားတိုက်ပွဲတွေ၊တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းအကြား တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၁၄၀၀ ကျော်မှာလည်း ထွက်ပြေးတိမ်းရှောင် လာခဲ့ရပါ တယ်။ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်က တန့်ဂျာရွာအနီးမှာ စစ်ကောင်စီနဲ့ KIA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ နေအိမ်အချို့မှ တပ်စွဲထားတာကြောင့် ဒေသခံပြည်သူ ၄၀၀ ကျော်ခန့်မှာ လည်း ဘေးလွတ်ရာနေရာတွေဆီကို ထွက်ပြေးလာကြရပါတယ်။
ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်က ၇၆၀,၀၀၀ ကျော်အထိ ရှိလာသလို၊အရင်ကတည်းက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်ပမှာ ခိုလှုံနေရတဲ့ ဒုက္ခသည် အရေအတွက်ကလည်း၉၇၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ရိုဟင်ဂျာဒုက္ခသည်ပေါင်း၈၈၀,၀၀၀ ကျော်၊ ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်းမှာ စစ်ရှောင်ဒုက္ခသည် ၉၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။
➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၉) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။
∎ ဘာကြောင့်အလေးထားသင့်သလဲ
အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။
∎ တွဲဖက်လေ့လာသင့်သည်များ
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။









စောက်ပိုအမှားတွေ
လွတ်လပ်သောအဖွဲ့တဲ့
သူပုန်တွေလာတိုက်လို့သေရတဲ့ ဗမာတွေအကြောင်း တစ်ခုမှမပါဘူး၊