What Matters

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီး ထောင်ချခံရသူများ

By ISP Admin | August 25, 2021

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၁)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဩဂုတ် ၂၃ ရက်အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၇,၀၀၀ ကျော် အထိ ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၅,၈၂၁ ဦးဟာ လက်ရှိအချိန်အထိ ဖမ်းဆီး ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပါတယ်။ ဖမ်းဆီး ခံထားရသူ အများစုက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ သာမန်အရပ်သား ပြည်သူတွေနဲ့ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေနဲ့CDM ကို ထောက်ခံ အားပေးသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေသာမက ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကိုလည်း ဖမ်းဆီး ထိန်းသိမ်း ထားပါတယ်။ လက်ရှိ အချိန်ထိ ဖမ်းဆီး ချုပ်နှောင်ခံရသူတွေထဲမှာ ဆရာဝန် ၄၈ ဦးပါဝင်နေပြီး ကိုဗစ်ကာလ ဆေးကုသမှု လှည့်လည် ပြုလုပ်ပေးနေတဲ့ ပရဟိတ ဆရာဝန်တွေကိုပါ စစ်ကောင်စီက ဖမ်းဆီးမှုတွေလုပ်နေပါတယ်။ ဖမ်းဆီးထားသူတွေအပေါ် တရားစွဲဆိုမှု လုပ်ထားတဲ့ ကိန်းဂဏန်းတွေကို လေ့လာ ကြည့်ရင် ပုဒ်မ ၅၀၅ (က) ကိုအများဆုံး အသုံးပြုနေတာ တွေ့ရပါတယ်။ ယခင်အပတ်က ဖော်ပြခဲ့သော ကိန်းဂဏန်းများ (အလေးထားရမည့်အကြောင်းအချက်များ အမှတ်-၃၈ ကိုရှုပါ) နှင့်နှိုင်းယှဉ်ပါက တပတ်အတွင်း ဖမ်းဆီးချုပ်နှောင်ခံရသူ ၂၅၉ ဦး တိုးလာပါတယ်။ဒါ့အပြင် ဇူလိုင်လစာရင်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဖမ်းဆီးခံရသူ အရေအတွက် ပိုများလာပါတယ်။

Download PDF Version

➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၈) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။

[link] https://ispmyanmar.com/burmese/2021/08/16/wm-38/

∎ ဘာကြောင့်အလေးထားသင့်သလဲ

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီး နောက်ပိုင်း ဥပဒေပုဒ်မ အမျိုးမျိုးနဲ့ ဖမ်းဆီး ထောင်ချခံနေရတဲ့ ပြည်သူလူထုအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီက သူတို၎င်းတို့ကို ဆန့်ကျင် ကန်ကွက်နေသူတွေကို တရားရေးမဏ္ဍိုင်အသုံးချပြီး လုပ်ဆောင်တဲ့ ဖိနှိပ်မှုတွေအကြောင်း သုတေသနပြု လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှအင်အားသုံး အကြမ်းဖက်ဖမ်းဆီး ဝရမ်းထုတ်နေမှု ပမာဏကို လေ့လာခြင်းအားဖြင့် ဆန္ဒပြ ပြည်သူတွေအပေါ် အာဏာသိမ်း စစ်ကောင်စီက ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိ၊မရှိ ဆိုတဲ့ ကိစ္စရပ်တွေကို အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *