What Matters

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချခံရသူများ

By ISP Admin | May 25, 2021

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၈)

Download PDF Version

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း မေ ၁၉ ရက်အထိ နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစု ပေါင်း ၅၀၀၀ကျော် အထိ ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၄၁၇၄ ဦးဟာ လက်ရှိ အချိန်အထိ ဖမ်းဆီး ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲမှာ NLD အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင်၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေလည်း ပါဝင်ပြီး၊ NLD ပါတီဝင်တွေကို လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်သားတွေ၊ အရပ်သား ပြည်သူတွေ၊ CDM မှာပါဝင်တဲ့ ဝန်ထမ်းတွေနဲ့ CDM ကို ထောက်ခံအားပေးသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ တချိန်တည်းမှာပဲ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားသူစာရင်းကို အာဏာသိမ်း စစ်ကောင်စီက နေ့စဉ်ရက် ဆက်ဆိုသလို ကြေညာ နေပါတယ်။ တခါ ဖမ်းဆီးခံ ထားရသူတွေနဲ့၀ရမ်းထုတ်ခံထားရသူတွေအပေါ် တရားစွဲဆိုမှု ပြုလုပ်တဲ့ ကိန်းဂဏန်းတွေကို လေ့လာ ကြည့်ရင် လည်း ပုဒ်မ ၅၀၅ (က) ကိုအများဆုံး အသုံးပြုနေတာ တွေ့ရပါတယ်။ အရင်လက ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၁၈ မှာပါရှိတဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ် လေ့လာမယ်ဆိုရင် တလအတွင်း ဖမ်းဆီးထိန်းသိမ်းထားခံရသူ အရေအတွက် ၁၀၀၀ ကျော်တိုးလာပြီး အဖမ်းခံရသူ အများစုက အရပ်သား ပြည်သူတွေ ဖြစ်နေပါတယ်။

➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၁၈) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/ISPMyanmarpage/posts/2547821338855416

∎ ဘာကြောင့်အလေးထားသင့်သလဲ

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မ အမျိုးမျိုးနဲ့ ဖမ်းဆီး ထောင်ချခံနေရတဲ့ ပြည်သူအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီက သူတို့ကို ဆန့်ကျင်သူ တွေအပေါ် (တရားရေးမဏ္ဍိုင်အသုံးချပြီး) ဘယ်လို ဖိနှိပ်မှုတွေ လုပ်သလဲ ဆိုတာကို သုတေသန ပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို အင်အားသုံး အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းတာတွေအပြင်၊ လူထုလှုပ်ရှားမှုမှာ ပါဝင်သူတွေကို ကြီးလေးတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီး ထောင်ချ အရေးယူမှု လုပ်တာတွေကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ဆက်စပ်ပြီး အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေသုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်းပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *