What Matters

အမျိုးသမီးများအား ဖိနှိပ်ကန့်သတ်သော ‘အိမ်တွင်းမှု၊ အိမ်ပြင်ပ နယ်ပယ် ခွဲခြားသတ်မှတ်ခြင်း’ အယူမှား

တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို နားလည်ရာမှာ ကျား-မရေးရာရှေးရိုးစွဲ အယူအဆတွေက အလုပ် မဖြစ်တော့ပါဘူး။ ရှေးရိုးစွဲ အယူအဆတွေမှာ အမျိုးသမီးတွေဟာ အိမ်ထောင်ရှင်မများ ဖြစ်တဲ့အတွက် အိမ်တွင်းမှု ကိစ္စများ(ဝါ) မိသားစု အကျိုးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေကိုသာ ဆောင်ရွက်ဖို့ ဖြစ်ပြီး၊ အမျိုးသားတွေကတော့ အိမ်ပြင်ပ လုပ်ငန်းဆောင်တာတွေ (ဝါ) အများ အကျိုးနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ခွင့် ရှိတယ်ဆိုပြီး အမျိုးသမီးတွေရဲ့ လုပ်ပိုင်ခွင့်အပေါ် နယ်ပယ် ခွဲခြားမှု လုပ်ခံရတာ ဖြစ်ပါတယ်။ ဒါကြောင့် Carole Pateman တို့လို ပညာရှင်တွေက ‘အိမ်တွင်းမှု၊ အိမ်ပြင်ပ ခွဲခြားသတ်မှတ်ခြင်း’ Public/ Private Dichotomy ဆိုတဲ့ အယူအဆဟာ အမျိုးသမီး အခွင့်အရေး လှုပ်ရှားနေသူတွေအတွက် ရာစုနှစ်များနဲ့ ချီပြီး အဓိက ဆန့်ကျင် တိုက်ဖျက်ခဲ့ရတဲ့ အယူမှား၊ အယူဆိုး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေ့ခေတ် နိုင်ငံ အတော်များများမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို လေ့လာကြည့်ရင်လည်း ဒီအယူအဆဟာ အထောက်အထားအရလည်း မှားယွင်းနေသလို ခေတ်နဲ့လည်း မဆီလျော်တော့တာကို တွေ့ရပါတယ်။
By ISP Admin | March 9, 2021

အလေးထားရမည့် အကြောင်းအချက်များ (၄)

Download PDF Version

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒ ထုတ်ဖော်မှုတွေ နိုင်ငံအနှံ့မှာ ဖြစ်လာခဲ့ပါတယ်။ ပုံသဏ္ဍာန်မျိုးစုံနဲ့ ပေါ်ပေါက်လာတဲ့ ဆန္ဒ ထုတ်ဖော်မှုတွေမှာ အသက်အရွယ်မရွေး၊ အလွှာစုံမှ အမျိုးသမီးများ (အထူးသဖြင့် ဆယ်ကျော်သက် အမျိုးသမီးငယ်များ) ကလည်း ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။ ဆန္ဒ ထုတ်ဖော်တာတွေကို အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက် အင်အားသုံး ဖြိုခွင်းချိန်မှာလည်း အမျိုးသမီးတွေဟာ နောက်တွန့် မသွားပဲ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး ရင်ဆိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ ဖြစ်တာကြောင့် လက်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ နေရာစုံကနေ ပုံသဏ္ဍာန်မျိုးစုံနဲ့ ပါဝင်နေကြတဲ့ အမျိုးသမီးတွေကို ယခု ဖော်ပြတဲ့ အကြောင်းအရာနဲ့အတူ ဂုဏ်ပြုအပ်ပါတယ်။

∎ ဆိုလိုရင်းအနှစ်ချုပ်

တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို နားလည်ရာမှာ ကျား-မရေးရာရှေးရိုးစွဲ အယူအဆတွေက အလုပ် မဖြစ်တော့ပါဘူး။ ရှေးရိုးစွဲ အယူအဆတွေမှာ အမျိုးသမီးတွေဟာ အိမ်ထောင်ရှင်မများ ဖြစ်တဲ့အတွက် အိမ်တွင်းမှု ကိစ္စများ(ဝါ) မိသားစု အကျိုးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေကိုသာ ဆောင်ရွက်ဖို့ ဖြစ်ပြီး၊ အမျိုးသားတွေကတော့ အိမ်ပြင်ပ လုပ်ငန်းဆောင်တာတွေ (ဝါ) အများ အကျိုးနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ခွင့် ရှိတယ်ဆိုပြီး အမျိုးသမီးတွေရဲ့ လုပ်ပိုင်ခွင့်အပေါ် နယ်ပယ် ခွဲခြားမှု လုပ်ခံရတာ ဖြစ်ပါတယ်။ ဒါကြောင့် Carole Pateman တို့လို ပညာရှင်တွေက ‘အိမ်တွင်းမှု၊ အိမ်ပြင်ပ ခွဲခြားသတ်မှတ်ခြင်း’ Public/ Private Dichotomy ဆိုတဲ့ အယူအဆဟာ အမျိုးသမီး အခွင့်အရေး လှုပ်ရှားနေသူတွေအတွက် ရာစုနှစ်များနဲ့ ချီပြီး အဓိက ဆန့်ကျင် တိုက်ဖျက်ခဲ့ရတဲ့ အယူမှား၊ အယူဆိုး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေ့ခေတ် နိုင်ငံ အတော်များများမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို လေ့လာကြည့်ရင်လည်း ဒီအယူအဆဟာ အထောက်အထားအရလည်း မှားယွင်းနေသလို ခေတ်နဲ့လည်း မဆီလျော်တော့တာကို တွေ့ရပါတယ်။

∎ ဘာကြောင့် အလေးထားသင့်သလဲ

လူထုလှုပ်ရှားမှုကို ပါဝင်ကြတဲ့ အခါ အိမ်ထောင်ရှင် အမျိုးသမီးတွေက သူတို့ရဲ့ နိစ္စဓူ၀ လုပ်ငန်း ဆောင်တာတွေ ဖြစ်တဲ့ ဘုရားခန်း၊ မီးဖိုချောင်ကဲ့သို့ နေရာတွေနဲ့ ဆက်စပ်ပြီး နိုင်ငံရေး လှုပ်ရှားမှုတွေ ပြုလုပ်လာကြတဲ့အပေါ် ထင်ရှားတဲ့ သာဓက များစွာ ရှိပါတယ်။ အနီးစပ်ဆုံး ဥပမာအနေနဲ့ ၂၀၁၄ ခုနှစ် ထိုင်ဝမ်မှာ တရုတ်နိုင်ငံနဲ့ စီးပွားရေး သဘော တူညီချက်ကို ကန့်ကွက်ရာက အစပြုခဲ့ပြီး၊ နောက်ဆုံး နျူကလီးယား စွမ်းအင် ထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ရေးကိုပါ တခဲနက် ဆန့်ကျင်ခဲ့ကြတဲ့ နေကြာပန်း လူထုလှုပ်ရှားမှုကြီး (Sunflower Movement) မှာ အမျိုးသမီးများရဲ့ ပါဝင်မှုဟာ အထင်ကရ ဖြစ်ခဲ့ပါတယ်။

ပညာရှင် Chia-Ling Yang က ထိုင်ဝမ်ရဲ့ Sunflower Movement ကို လေ့လာရာမှာ အိမ်ထောင်ရှင် အမျိုးသမီးတွေက အိမ်မှုကိစ္စနဲ့ပဲ ဆိုင်ပြီး နိုင်ငံ့အရေး ပတ်သက်နိုင်ဖို့ နည်းတယ်ဆိုတဲ့ ယူဆချက်က မဟုတ်ဘူး။ ထိုင်ဝမ်က အိမ်ရှင်မတွေဟာ သူတို့ရဲ့ နိုင်ငံသား ဖြစ်မှု၊ မိခင်ဖြစ်မှုတွေကို အခြေခံပြီး နေ့စဉ်ဘဝထဲက နိုင်ငံရေးအဖြစ်နဲ့ လူထုလှုပ်ရှားမှုထဲကို ထဲထဲဝင်ဝင် ပါဝင်နိုင်ခဲ့ကြတယ်လို့ ကောက်ချက်ချပါတယ်။ Chia-Ling Yang ရဲ့ သုတေသနမှာ ဖြေဆိုသူ အိမ်ထောင်ရှင် အမျိုးသမီးတယောက်က – “မိခင် တဦး ဖြစ်ခြင်းဟာ ကျမရဲ့ အလုပ် ဖြစ်သလိုပဲ မိခင်တွေ နိုင်ငံရေးမှာ ပါဝင်ခြင်းက ကျမတို့ရဲ့ ဒုတိယအလုပ် ဖြစ်ပါတယ်။ ကျမတို့ သားသမီးတွေ ဘာလိုချင် ကြသလဲ၊ ဒီကမ္ဘာကြီးက ဘာလို အပ်သလဲဆိုတာ ကျိန်းသေ သိပါတယ်။ မိခင်တွေဟာ နိုင်ငံရေးပါတီနဲ့ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး အသာရမှုကိုသာ အလေးထားတဲ့ နိုင်ငံရေးသမားတွေလိုမျိုး မဟုတ်ပါဘူး၊ မိခင်တွေက ဒီကမ္ဘာကြီး ပိုပြီး သာယာ ဝပြောအောင် လုပ်တဲ့နေရာမှာ ခေါင်းကြော မာသူတွေဖြစ်ပါတယ်”လို့ ဆိုခဲ့ပါတယ်။ သူတို့ရဲ့ ဆန္ဒပြပွဲတွေမှာ နျူကလီးယား ဆန့်ကျင်ရေး ကလေးဖတ်စာတွေကို ဖတ်ပြတဲ့ လူထု စာဖတ်ပွဲတွေက တဆင့် အိမ်ရှင်မတွေက သူတို့ရဲ့ မိခင်ဖြစ်မှုနဲ့ နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာတွေက လူထု လှုပ်ရှားမှုကြီးအတွက် အရေးပါမှုတွေကို ပြသခဲ့ပါတယ်။

ဒီလို ဖြစ်စဉ်တွေဟာ ထိုင်ဝမ်မှာတင် မကပါဘူး။ ထိုင်းနိုင်ငံမှာလည်း ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လူထု လှုပ်ရှားမှုတွေမှာလည်း အမျိုးသမီး တက်ကြွ လှုပ်ရှားသူတွေ ရှေ့တန်းက ပါဝင်ခဲ့ပါတယ်။ ဝန်ကြီးချုပ် ပရာရွတ် နှုတ်ထွက်ပေးဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီ ဖော်ဆောင် ပေးနိုင်တဲ့ အခြေခံဥပဒေ တရပ်ထွက် ပေါ်လာဖို့၊ ထိုင်းဘုရင် စနစ်ကို ပြုပြင် ပြောင်းလဲပေးဖို့ စတဲ့ နိုင်ငံရေး တောင်းဆိုချက်တွေအပြင် ကိုယ်ဝန် ဖျက်ချခွင့် ပြုဖို့၊ အမျိုးသမီး ဓမ္မတာ ပစ္စည်းတွေကို အခွန်နှုန်း လျှော့ပေးဖို့၊ စာသင်ကျောင်းတွေမှာ အမျိုးသမီးတွေကို ဖိနှိပ်တဲ့ စည်းမျဉ်းတွေ ဖျက်သိမ်းပေး ဖို့စတဲ့ အမျိုးသမီးတွေနဲ့ ပတ်သတ်သော အခွင့်အရေးတွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာကလည်း ဘီလာရုစ်နိုင်ငံမှာ ရွေးကောက်ပွဲကို ဆန့်ကျင် ဆန္ဒပြသူ တွေအပေါ် ဖြိုခွဲ နှိမ်နင်းခဲ့တာကြောင့် ဖိုဝါဒ လက်ခံကျင့်သုံးတဲ့ သမ္မတ Aleksandr G. Lukashenko ကို ဆန့်ကျင် ဆန္ဒပြကြရာမှာလည်း အမျိုးသမီးတွေက ရှေ့တန်းက ပါဝင်ခဲ့ကြပါတယ်။

∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား

ထိုင်ဝမ်ရဲ့ Sunflower Movement လှုပ်ရှားမှု အပါအဝင် နိုင်ငံရေး လှုပ်ရှားမှုတွေထဲမှာ အမျိုးသမီးတွေက ပုံသဏ္ဍာန် မျိုးစုံနဲ့ ပါဝင်လာကြပြီး၊ အမျိုးသမီးတွေကို ဖိနှိပ် ကန့်သတ်ထားတဲ့ “အိမ်တွင်းမှု၊အိမ်ပြင်ပ ခွဲခြားသတ်မှတ်ချက်” တွေကို ဆန့်ကျင်အပ်တယ် ဆိုတဲ့ ကိစ္စတွေဟာ မြန်မာနိုင်ငံနဲ့လည်း ဆီလျော်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုနဲ့ ပတ်သတ်ပြီး ဖြစ်ပေါ်လာတဲ့ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို အရေအတွက်အားဖြင့် သိနိုင်သလို၊ ပုံသဏ္ဍာန် ပေါင်းစုံ အလွှာစုံကနေ ပါဝင်ခဲ့ကြတာတွေကိုလည်း သတိပြုနိုင်ပါတယ်။ နိုင်ငံရေး တောင်းဆိုချက်တွေကို ကြွေးကြော်ပြီး ဆန္ဒထုတ်ဖော်ကြသူတွေ ရှိကြသလို၊ လမ်းပေါ်မှာ ငြိမ်းချမ်းစွာ စုဝေးပြီး ပရိတ်ရွတ်ရင်း ဆန္ဒထုတ်ဖော်တာ၊ သိုးမွှေးထိုးရင်း ဆန္ဒထုတ်ဖော်တာ၊ လမ်းပေါ်မှာပဲ အလှပြင် ရင်း ဆန္ဒ ထုတ်ဖော်တာ စသဖြင့် ကိုယ်နိုင်နင်းရာ နည်းလမ်းပေါင်းစုံ သုံးပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ကျား-မ လိင်စိတ်ခံယူမှုကွဲပြားသူတွေကလည်း အလှဝတ်စုံတွေ ဝတ်ဆင်ပြီး စုဝေး ချီ တက်တာတွေ လုပ်ခဲ့ကြပါတယ်။ ဒါတွေအပြင် ညစဉ် ရှစ်နာရီဆို ပြုလုပ်နေကြတဲ့ “သံပုံးတီး ဆန္ဒထုတ် ဖော်ခြင်း” လုပ်ဆောင်ရာလည်း အမျိုးသမီးတွေ အင်ပြည့်အားပြည့် ပါခဲ့ကြပါတယ်။ တခါ အာဏာသိမ်း စစ်ကောင်စီ ဘက်က ရပ်ထဲရွာထဲအထိ ဝင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို နှိမ်နင်းချိန်မှာလည်း အမျိုးသမီး အသုံးအဆောင်တွေ ဖြစ်တဲ့ ထမီတွေ၊ အတွင်းခံတွေကို လမ်းမတွေထက်မှာ ကြိုးတန်း လှန်းခဲ့ကြပါတယ်။ ဒါဟာ အမျိုးသမီး ထမီတန်းအောက်က ဖြတ်ရင် ဘုန်းနိမ့်တယ်လို့ အယူရှိ၊ ဖိုဝါဒီ အစွဲကြီးပြီး ရှေးရိုးစွဲ တယူသန်တဲ့ စစ်သားတွေနဲ့ ရဲတွေကို ဆန္ဒထုတ်ဖော်သူတွေဆီ အလွယ်တကူ လာလို့မရအောင် ကျားကန် ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအတိုင်းပဲ အာဏာသိမ်း စစ်ကောင်စီရဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခန့်ထားရေး အဓမ္မ အားထုတ်မှုတွေအပေါ် အုပ်ချုပ်ရေးမှူးရုံးရှေ့ သွားရောက် ကန့်ကွက် ကြသူတွေ ထဲမှာ အမျိုးသမီးတွေ ရှေ့တန်းကနေ အများဆုံး ပါခဲ့ကြတာကို လူမှုမီဒီယာတွေမှာ တွေ့နေရတဲ့ ဓါတ်ပုံ၊ ဗွီဒီယို မှတ်တမ်းတွေက သက်သေခံနေတာပါပဲ။

အထက်မှာ ဖော်ပြခဲ့တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အကြမ်းမဖက် လှုပ်ရှားမှုတိုင်းမှာ အမျိုးသမီး တွေက ရှေ့တန်းကနေ ပါခဲ့သလို၊ ဆန္ဒထုတ်ဖော်ပွဲတွေကို ဦးဆောင် ခဲ့ကြသူတွေထဲမှာလည်း အမျိုးသမီးတွေ ပါခဲ့ပါတယ်။ တခါ ဆန္ဒထုတ် ဖော်မှုတွေကို အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက် အင်အားသုံး ဖြိုခွင်းချိန်မှာလည်း အမျိုးသမီးတွေ နောက် မတွန့်ခဲ့ပါဘူး။ အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်း ဖက်အင်အားသုံး ဖြိုခွင်းမှုတွေကြောင့် ပထမဆုံး သေဆုံးခဲ့ရသူဟာ အမျိုးသမီးငယ် တဦး ဖြစ်ခဲ့ရပြီး၊ မတ် ၈ ရက်အထိ သေဆုံးသူ ၅၉ ဦးထဲမှာ အမျိုးသမီးတွေက ခြောက်ဦးအထိ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖိုဝါဒ ကြီးစိုးတဲ့ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ဆောင်ရွက်ကြတဲ့အခါ အိမ်ထောင်ရှင်မတွေ၊ အမျိုးသမီးတွေက သူတို့ရဲ့ နေ့စဉ် ဘဝထဲကနေ နိုင်ငံရေးကို ဖွေရှာပြီး လှုပ်ရှားမှုတွေမှာ အင်တိုက် အားတိုက် ပါဝင်လာခြင်းဟာ ရှေးရိုးစွဲ အယူအဆဖြစ်တဲ့ ဘယ်အရာကတော့ မိန်းမတွေနဲ့သာ ဆိုင်တယ်၊ ဘာတွေကတော့ အိမ်တွင်းမှု ကိစ္စတွေသာ ဖြစ်တယ်၊ ဘယ်ကိစ္စကတော့ ယောင်္ကျားတွေနဲ့ပဲ သက်ဆိုင်တဲ့ နိုင်ငံ့အရေး ကိစ္စဖြစ်တယ်ဆိုတဲ့ “အိမ်တွင်းမှု၊အိမ်ပြင်ပ ခွဲခြားသတ်မှတ်ချက်” Public/ Private Dichotomy တွေကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေးဆိုတာကို သမာရိုးကျ စည်းမျဉ်း ဥပဒေသတွေ၊ အမျိုးသမီးတွေနဲ့ အလှမ်းဝေးတဲ့ အရာတခုအဖြစ် သဘောထားရာကနေ နိစ္စဓူ၀ အိမ်တွင်းမှု ကိစ္စမျိုးနဲ့ ဆက်စပ် စဉ်းစား လာကြတဲ့အခါ၊ ဒီလို စဉ်းစားမှုတွေ အနာဂါတ် ကာလမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး မြန်မာ့ အမျိုးသမီးထုရဲ့ ပြောဆို လုပ်ကိုင်ပိုင်ခွင့်တွေ ပိုရရှိဖို့အတွက် အလားအလာကောင်းတွေ ဖြစ်လာပါတယ်။

∎ Further Readings

Carole Pateman .1983. Feminist Critiques of the Public/Private Dichotomy, in Public And Private In Social Life 281.

Chia-Ling Yang .2017. The political is the personal: women’s participation in Taiwan’s Sunflower Movement, Social Movement Studies, DOI: 10.1080/14742837.2017.1344542

Ivan Nechepurenko.September 19, 2020. Hundreds of Women arrested at protest in Belarus. New York Times. https://www.nytimes.com/…/belarus-protests-women.html



Leave a Reply

Your email address will not be published. Required fields are marked *