AnalysisSpecial Features

လောကဓံနဲ့ အတူနေထိုင်နည်းကို လက်တွေ့သင်ပေးခဲ့သူ (သို့မဟုတ်) ဦးကြည်မောင်

By Tin Maung Oo | March 7, 2018

လူတိုင်းလူတိုင်းဟာ အသက်ရှင် နေထိုင်တဲ့ ကာလတစ်လျှောက်မှာ လောကဓံတရားတွေနဲ့ အခါအားလျော်စွာ ရင်ဆိုင်ခဲ့ကြရမှာ အသေအချာပါပဲ။ အချို့လည်း လက်မြှောက် အရှုံးပေးသွားသလို၊ အချို့လည်း ရင်ဆိုင် ဖြတ်သန်းကြပါတယ်။ “ဘဝဟူသည် ခေါက်ရှာငှက်ပျံ လောကဓံ” ဆိုတဲ့ ဆိုးရိုးစကားတစ်ခု ရှိပါတယ်။ ခေါက်ရှာငှက် ဘယ်လိုပျံတယ် ဆိုတာကို မြင်ဖူးရင်တော့ သိပါလိမ့်မယ်။ ခေါက်ရှာငှက်ရဲ့ ပျံသန်းမှုပုံစံက အခြားငှက်တွေနဲ့မတူဘဲ နိမ့်လိုက် မြင့်လိုက် ပျံသန်းပါတယ်။ ဒါကြောင့် ဘဝဆိုတာလည်း တစ်သမတ်ထဲ သွားနေတာ မဟုတ်ဘဲ လောကဓံတရားတွေကြောင့် နိမ့်လိုက်မြင့်လိုက် ဖြစ်တတ်တာကို ခေါက်ရှာငှက်ပျံပုံနဲ့ ဥပမာပေးထားတာပါ။

လောကဓံတရားနဲ့ ပတ်သက်လို့ လာဘ်နည်းတာ၊ များတာ၊ အခြွေအရံ နည်းတာ၊ များတာ၊ ကဲ့ရဲ့တာ၊ ချီးမွန်းတာ၊ သုခ၊ ဒုက္ခဆိုပြီး ရှစ်ပါးရှိတယ်လို့ ဘုရားရှင် ဟောကြားခဲ့ပါတယ်။ ဒီနေရာမှာ မလွှဲမရှောင်သာလို့ လောကဓံတရားနဲ့ ရင်ဆိုင်ရတာနဲ့ လွှဲရှောင်လို့ ရရဲ့သားနဲ့ အကြောင်းတစ်ခုကြောင့် ရင်ဆိုင်တာလို့ နှစ်မျိုးခွဲချင်ပါတယ်။ ဥပမာ- ယုံကြည်ချက်လို အကြောင်းကြောင့် လောကဓံကို ရင်ဆိုင်တွေ့ဖို့ ဆုံးဖြတ်တာမျိုးပေါ့။

မလွှဲမရှောင်သာ လောကဓံနဲ့ ရင်ဆိုင်ရသူတွေကတော့ လောကမှာ အများကြီးရှိလို့ သူတို့အကြောင်းကို မပြောတော့ပါဘူး။ ယုံကြည်ချက်ကြောင့် ရင်ဆိုင်တဲ့ သူမျိုးကတော့ အနည်းစုပဲ ရှိတာကြောင့် အဲဒီလို ရင်ဆိုင်ခဲ့တဲ့ထဲက လူတစ်ယောက်အကြောင်း ပြောချင်ပါတယ်။

သူကတော့ ဦးကြည်မောင်ပါ။ သူ့ရဲ့ ဘဝဖြတ်သန်းမှုကို စာအုပ်တစ်အုပ်အဖြစ် ရှုမြင်မယ်ဆိုရင် တကသ အမှုဆောင်၊ စစ်မှုထမ်းဘဝ၊ နိုင်ငံရေးအကျဉ်းသား၊ NLD ပါတီ ဒုတိယဥက္ကဋ္ဌ စတဲ့ နိုင်ငံရေး စာမျက်နှာတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

သူ့ရဲ့ဘဝမှာ အခြားသော စာမျက်နှာတွေလည်း ရှိခဲ့ပါတယ်။

တက္ကသိုလ်ကျောင်းသားဘဝမှာ လီနင်ပုံကို ခေါင်းရင်းထား အိပ်ခဲ့တာ၊ ပြဇာတ်ဒါရိုက်တာ လုပ်ခဲ့တာ၊ ရုပ်ရှင်ဇာတ်ညွှန်း ရေးခဲ့တာ၊ ဆရာပေါ်ဦးသက်နဲ့ ပန်းချီဆွဲခဲ့တာ၊ တယော ဦးတင်ရီနဲ့ တယောထိုးခဲ့တာ၊ နိုင်ငံကျော်အဆိုတော် ဒေါ်မာမာအေးကို စင်တင်ပေးခဲ့တာ၊ ဇင်ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ်တွေ ရေးခဲ့တာတွေဟာ လူသိနည်းတဲ့ စာမျက်နှာတွေပါ။\

ဦးကြည်မောင်၏ မှတ်စု လက်ရေးမူ

စာရှည်မှာစိုးလို့ သှူလောကဓံနဲ့ ရင်ဆိုင်တွေ့တဲ့ စာမျက်နှာတွေဆီပဲ သွားကြရအောင်ပါ။

သူဟာ တက္ကသိုလ်ကျောင်းသားဘဝမှာ လီနင်ပုံကို ခေါင်းရင်းထား အိပ်ခဲ့ပေမယ့် ကွန်မြူနစ်ဝါဒကို ယုံကြည်သက်ဝင်သူ တစ်ယောက် ဟုတ်ခဲ့ဟန် မတူပါဘူး။ ဒါကို ဘာက သက်သေပြနေလဲဆိုတော့ ဂျပန် ဘုရင့်စစ်တက္ကသိုလ်က သူပြန်လာပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) မှာ တာဝန်ထမ်းဆောင်စဉ် စစ်တပ်ထဲမှာ နိုင်ငံရေး အသွေးအရောင် စုံနေပါပြီ။ သူကတော့ ဆိုရှယ်လစ်အုပ်စုဘက်လည်း မပါ၊ ကွန်မြူနစ်အုပ်စုဘက်လည်း မပါဘဲ ကင်းကင်းနေခဲ့ပါတယ်။ ဒါကြောင့်လည်း ဗမာ့တပ်မတော်ဦးစီးချုပ်တာဝန်ကို ဗြိတိသျှတွေ ယူခဲ့တဲ့ ၁၉၄၆ ခုနှစ် ကနေ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရခါနီးအထိ နှစ်နှစ်ခန့်ကာလအတွင်းမှာ ဗိုလ်ကြီးဘဝကနေ ဒုတိယဗိုလ်မှူးကြီး အဆင့်အထိ ဆက်တိုက် ရာထူးတိုး ခံခဲ့ရပေမယ့် ဗိုလ်မှူးကြီး စမစ်ဒွန်းနောက်ပိုင်း နိုင်ငံရေးအရောင်ရှိတဲ့ ခေါင်းဆောင်တွေ လက်ထက်မှာတော့ ကိုယ့်အုပ်စုက လူတွေကိုသာ နေရာပေးတာကြောင့် သူ အခေါက်ခံထားရပါတယ်။ ဒါပေမဲ့ သူကတော့ ဘယ်အုပ်စုကိုမှ ဦးမညွှတ်ပါဘူး။ သူ့ရဲ့ အယူအဆကတော့ ရှင်းပါတယ်။ စစ်တပ်ဆိုတာ နိုင်ငံရေးရယ်၊ ငွေရယ်နဲ့ ဝေးနေသင့်တယ်လို့ သူယုံကြည်တယ်။ ယုံကြည်တဲ့အတိုင်းလည်း လက်တွေ့ ကျင့်သုံးခဲ့ပါတယ်။ သူနဲ့ ခေတ်ပြိုင်တွေ၊ သူ့ရဲ့နောက် နှစ်နှစ်လောက်ကြာမှ ဒုတိယဗိုလ်မှူးကြီး ဖြစ်တဲ့သူတွေ အတုံးအရုံး ၁၉၅၀ ပြည့်နဲ့ ၁၉၅၂ ခုနှစ်လောက်မှာ ဗိုလ်မှူးကြီးတွေ ဖြစ်သွားပေမယ့် သူ့ကိုတော့ ၁၉၅၄ ခုနှစ်ကျမှ ဗိုလ်မှူးကြီးအဆင့် တိုးမြှင့်ပေးခဲ့ပါတယ်။

၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှာတော့ အနောက်တောင်တိုင်း စစ်ဋ္ဌာချုပ်ရဲ့ တိုင်းမှူးဖြစ်တဲ့ သူဟာ ဘာမှမသိလိုက်ရဘဲ ချက်ချင်းဆိုသလို တော်လှန်ရေးကောင်စီဝင် ဖြစ်သွားပါတယ်။

သူ ဘာမှမသိလိုက်ရဘဲ တော်လှန်ရေးကောင်စီဝင် တစ်ဦး ဖြစ်သွားတာနဲ့ ပတ်သက်လို့တော့ သူက ဒီလိုပြောပါတယ်။ “နွားခြံ တစ်ခြံကို ဝယ်လိုက်တဲ့အခါမှာ နွားဖြူ၊ နွားနီ၊ နွားညို မခွဲဘဲ သိမ်းကျုံးပြီး ပါသွားသလိုပေါ့” လို့ ဥပမာ ပေးခဲ့ပါတယ်။

၁၉၆၂ခုနှစ်မှာ ဗိုလ်နေဝင်း  အာဏာသိမ်းတာနဲ့ ပတ်သက်လို့ သူပေးခဲ့တဲ့ မှတ်ချက်ကတော့ ဒီလိုပါ။

“တစ်ခါတစ်လေ ဘာအဓိပ္ပာယ်ရှိမှန်း မသိတဲ့ စကားတွေ ပြောသံကြားရတဲ့အခါ အံ့သြမိတယ်။ ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေထဲမှာ “သမိုင်းပေးတာဝန်” လို့ပြောတဲ့ စကားလည်း ပါတယ်။ သမိုင်းပေးတာဝန် ဆိုတာ ဘယ်နှနှစ်ကြာခဲ့ပြီလဲလို့ မေးရင် ပြောတဲ့သူ ဖြေဖို့ခက်ပါတယ်။ ဦးနေဝင်း အာဏာသိမ်းတာကို သမိုင်းပေးတာဝန်ဆိုရင် ဒါ မှန်တဲ့စကား မဟုတ်ဘူး။”

တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဗိုလ်ချုပ်နေဝင်းဟာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင် သိမ်းခဲ့ပါတယ်။ ရပ်ကွက်ထဲက ကုန်စုံဆိုင်ကလေးအထိ မချန်ပါဘူး။ ဒါကို သူက မကြိုက်ပါဘူး။ တိုင်းပြည်ရဲ့ စီးပွားရေး အရှိန်ကောင်းနေတုန်း ဖျက်ဆီးတာလို့ မြင်ပါတယ်။

ဗိုလ်ချုပ်နေဝင်းကို သူ မကြိုက်တာ ဗိုလ်ချုပ်ကျော်ဇော တပ်မတော်က အထုတ်ခံရတဲ့ကိစ္စနဲ့လည်း ပတ်သက်ပါတယ်။ သူက ဗိုလ်ချုပ်ကျော်ဇောကို ရိုးသားတယ်ဆိုပြီး ခင်မင်သူပါ။

၁၉၅၇ ခုနှစ် အလင်းရောင် စစ်ဆင်ရေးမှာ မိခဲ့တဲ့ စာရွက်စာတမ်းတွေအရ စစ်ရေးသတင်းတွေ ဗမာပြည် ကွန်မြူနစ်ပါတီဆီ ရောက်ရှိပေါက်ကြားမှုမှာ တာဝန်ရှိတယ်ဆိုပြီး ဗိုလ်ချုပ်ကျော်ဇောကို တပ်မတော်မှ နုတ်ထွက် စေခဲ့ပါတယ်။ အဲဒီအကြောင်းတွေ ချပြတဲ့ တပ်မှူးတွေ အစည်းအဝေးမှာ ဗိုလ်ချုပ်နေဝင်းရဲ့ ပြောဆိုပုံကို သူက ဒီလိုပြောပါတယ်။

“စစ်ရေး လျှို့ဝှက်သတင်းတွေ ပေါက်ကြားမှု ဗိုလ်ချုပ်ကျော်ဇောနဲ့ ပတ်သက်တယ်ဆိုတဲ့ အကြောင်းပြောတုန်းက ဗိုလ်နေဝင်း မျက်နှာနဲ့လေသံက တစ်သက်လုံး ကိုက်လာတဲ့ ခြင် ဒီတစ်ခါတော့ ဘယ်ပြေးမလဲ ဆိုတဲ့ပုံစံ၊ ငါ လုံးဝမကြိုက်ဘူး”

ဗိုလ်နေဝင်းကို သူမကြိုက်တာ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို သူ မကြိုက်တာ၊ ဒါတွေကို ဗိုလ်နေဝင်းကလည်း ရိပ်စားမိပုံ ရပါတယ်။ သူ့ကို အချိန်ပြည့် စောင့်ကြည့်ဖို့အတွက် ဒုတိယဗိုလ်မှူးကြီး စန်းကြည်ကို သူနဲ့အဆင့်တူ ဗိုလ်မှူးကြီး ရာထူးတိုးပေးပြီး သူ တိုင်းမှူးတာဝန် ယူထားတဲ့ အနောက်တောင်တိုင်းမှာ ဒုတိယတိုင်းမှူး ခန့်ပါတယ်။

သူ့ရဲ့စိတ်ပျက်မှုဟာ တစ်နေ့တခြား ပိုဆိုးလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးကြည်မောင်တို့အား ၁၉၉၅ ခုနှစ်တွင် ထိန်းသိမ်းခံထားရာမှ ပြန်လည် လွတ်မြောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့တွင် ပြုလုပ်ခဲ့သည့် စနေ၊ တနင်္ဂနွေ လူထုဟောပြောပွဲ၌ တွေ့ရစဉ်။
(ဓာတ်ပုံများကို မိုးမခမီဒီယာ ဝက်ဘ်ဆိုက်မှ ရယူဖော်ပြသည်)

တစ်ဖက်မှာ ဗိုလ်နေဝင်းကလည်း ဖုန်ခါပြီး ဆွဲထုတ်လာတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကြီးကို လယ်သမား၊ အလုပ်သမားတွေရဲ့ ထောက်ခံမှုရှိကြောင်းပြဖို့ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲ၊ အလုပ်သမား နှီးနှောဖလှယ်ပွဲတွေ လုပ်ပါတယ်။

ဒီ နှီးနှောဖလှယ်ပွဲတွေထဲမှာ ပထမဆုံး ဈေးဦးပေါက်အဖြစ် သူတာဝန် ယူထားတဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်ရဲ့ နယ်မြေအတွင်းမှာရှိတဲ့ ဟင်္သာတခရိုင်၊ ဒူးယားကျေးရွာမှာ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကြီး စလုပ်ပါတယ်။ အဲဒီနေ့က ပွဲပြီးလို့ ဗိုလ်နေဝင်း ပြန်ခါနီးမှ သူရောက်ပါတယ်။ ဒါပေမဲ့ ဗိုလ်နေဝင်းကတော့ သူ့ကို မခန့်လေးစားလုပ်တယ်ဆိုပြီး အမျက်တော် ရှသွားပါပြီ။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သူ ပြန်ပြောပြတာက “ဘာမှ အရေးမပါတာတွေကို ဟန်ပြလုပ်တာမို့ ငါစိတ်မပါလို့ ပုသိမ်မှာကတဲ့ ဇာတ်ပွဲ ကြည့်နေတယ်”တဲ့။ မနက်မှ ထလာတာ၊ မော်တော် သောင်တင်နေလို့ နောက်ကျသွားကြောင်း ပြောပါတယ်။

ရက်သိပ်မကြာခင်ပဲ စစ်ရုံးချုပ်က သူ့ကို လှမ်းခေါ်ပါတယ်။ အခြေအနေ မကောင်းဘူး ဆိုတာ သူ ရိပ်စားမိပါတယ်။ စစ်ရုံးအရောက် ဗိုလ်နေဝင်းနဲ့ မတွေ့ခင်မှာ သူ့ထံက သေနတ်သိမ်းပါတယ်။ ပြီးတော့ ဗိုလ်နေဝင်းနဲ့ တွေ့တော့ ဗိုလ်နေဝင်းက သူ့ကို “ဗိုလ်ကြည်မောင် ခင်ဗျားက ကျုပ်ကိုလည်း ကြိုက်ပုံမရဘူး။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကိုလည်း ယုံပုံမရဘူး။ အဲဒီတော့ ခင်ဗျား ယုံယုံကြည်ကြည်နဲ့ ဆက်လုပ်မလား၊ ထွက်မလား” လို့ မေးပါတယ်။ သူကလည်း တုန့်ဆိုင်းခြင်းမရှိဘဲ ချက်ချင်း ထွက်မယ်လို့ပြောပြီး ထွက်စာ ရေးထားခဲ့ပါတယ်။ ၁၉၆၃ ခုနှစ် မတ်လ ၁၂ ရက်မှာတော့ သူ့ကို စစ်မှုထမ်းခြင်းက ရပ်စဲမိန့် ထွက်ပါတယ်။

အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး သူက “စိတ်မပါတဲ့၊ မယုံကြည်တဲ့ အလုပ်ကို လုပ်နေရတာကနေ ဝဋ်ကျွတ်သွားတာပေါ့”လို့ ပြန်ပြောပြခဲ့ပါတယ်။

သိပ်မကြာပါဘူး။ ၁၉၆၅ ခုနှစ်မှာတော့ အာဏာသိမ်းဖို့ ကြိုးစားတယ်ဆိုပြီး သူ အဖမ်းခံရပြီး ထောင်ကျသွားပါတယ်။

ထောင်က လွတ်တဲ့ကာလကနေ ၁၉၈၇ ခုနှစ်အထိက အရပ်သား တစ်ယောက်အနေနဲ့ ရုန်းကန်လှုပ်ရှားခဲ့တဲ့ ကာလတွေဖြစ်ပြီး နိုင်ငံရေး လှုပ်ရှားမှုတစ်ချို့ ရှိခဲ့ပေမယ့် အဲဒီကာလတွေကို ချန်လှပ်ပြီး သှူဘဝရဲ့ စာမျက်နှာတွေကို ဆက်ဖတ်ကြည့် ကြရအောင်လား။

၁၉၈၈ ခုနှစ် တစ်ပါတီ အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန်ခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး နောက်ပိုင်း NLD ပါတီကို စတင် ဖွဲ့စည်းတဲ့အခါ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (သုတေသနမှူး) တစ်ဦးအနေနဲ့ သူ့ကို နိုင်ငံရေးဇာတ်ခုံပေါ်မှာ မြင်ရပါတယ်။ မျိုးချစ်၊ တတ်သိ၊ ဦးအောင်ကြီး အုပ်စုဆိုပြီး အုပ်စုသုံးခုပေါင်းပြီး NLD ကို ထောင်ချိန်မှာ ဦးအောင်ကြီးအုပ်စုကို ကိုယ်စားပြု ပါလာတာပါ။

NLD ပါတီ ထူထောင်ပြီး သိပ်မကြာပါဘူး။ လပိုင်းအတွင်းမှာပဲ ဦးအောင်ကြီးက အဆို တစ်ခု တင်လာပါတယ်။ NLD ပါတီထဲမှာ ကွန်မြူနစ်တွေ ဝင်နေတာကို ထုတ်ပယ်ပေးဖို့ပါ။ အဲဒီအချိန်က မြန်မာပြည်မှာ ကွန်မြူနစ်ကြောက်ရောဂါက အတော်ကလေး စွဲကပ်နေတာပါ။ ဦးအောင်ကြီး ထုတ်ခိုင်းတဲ့ သူတွေက ဗဟိုအလုပ်အမှုဆောင်တွေထဲကရော၊ ဗဟိုဦးစီးအဖွဲ့ဝင်တွေထဲကရော ပါပါတယ်။

အဲဒီအခါမှာ သူ (ဦးကြည်မောင်) က နည်းလမ်းတစ်ခု ချပြပါတယ်။ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးခေါ်ပြီး အဲဒီကိစ္စကို မဲခွဲ ဆုံးဖြတ်ဖို့ပါ။ ဦးအောင်ကြီး အဆိုနိုင်ရင် ဦးအောင်ကြီး စွပ်စွဲတဲ့သူတွေ ထွက်ရမယ်။ အဆိုရှုံးရင် ဦးအောင်ကြီး ထွက်ရမယ်ဆိုတဲ့ နည်းလမ်းပါ။ အားလုံးက သဘောတူလို့ အဲဒီနည်းလမ်းအတိုင်း မဲပေး ဆုံးဖြတ်ပါတယ်။ ဦးအောင်ကြီးကလည်း အပိုင်တွက်ထားတာပါ။ သူ့အုပ်စုနဲ့ မျိုးချစ်အုပ်စုက သူ့ကို ထောက်ခံမယ်လို့၊ စာရင်းချုပ်လိုက်တော့ ဦးအောင်ကြီး ရှုံးပါတယ်။ မျိုးချစ်အုပ်စု တစ်ခုလုံးက ဦးအောင်ကြီးကို မထောက်ခံတဲ့အပြင် သူ့အုပ်စုထဲက ပါလာတဲ့ ဦးကြည်မောင်ကပါ သူ့ကို မထောက်ခံခဲ့ပါဘူး။ နောက်ဆုံး ဦးအောင်ကြီးနဲ့ သူ့အုပ်စုတွေ NLD က ထွက်သွားပြီး ဦးကြည်မောင်ကတော့ ကျန်ခဲ့ပါတယ်။ အုပ်စုစိတ်မရှိဘဲ သူယုံကြည်တဲ့အတိုင်း ရပ်ခဲ့တဲ့ ပြတ်သားတဲ့လုပ်ရပ် ဖြစ်ပါတယ်။

ဦးတင်ဦးနဲ့ ဒေါ်စု ထိန်းသိမ်း ခံရပြီးနောက်ပိုင်းမှာ ဦးကြည်မောင်ဟာ NLD ရဲ့ တရားဝင် မဟုတ်သော်လည်း အရေးအပါဆုံး ခေါင်းဆောင် ဖြစ်လာပါတယ်။

သူ့ရဲ့ခေါင်းဆောင်မှုကာလ တစ်လျှောက်မှာ NLD မှာရှိတဲ့ အုပ်စုကွဲတွေကြား ညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီး၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ကို အပြတ်အသတ် အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တာဟာ သူ့ရဲ့ ခေါင်းဆောင်မှု အရည်အသွေးကို ထုတ်ပြနိုင်ခဲ့တဲ့ စွမ်းရည်ပြကွက်တစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ သိပ်မကြာပါဘူး။ သူ အဖမ်းခံရပါတယ်။ ထောင်ကျသွားပြီး NLD ပါတီလည်း ကျီးနဲ့ဖုတ်ဖုတ် ဖြစ်သွားပါတယ်။ နောက် ငါးနှစ်အကြာ ၁၉၉၅၊ မတ်လမှာ ပြန်လွတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ဇွန်မှာ ပြန်လွတ်လာပြီး NLD ပါတီနဲ့ ပြန်လည် ပေါင်းစည်းမိကြပါတယ်။ သူက ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ဒုတိယဥက္ကဋ္ဌတာဝန် ယူခဲ့ပါတယ်။ ခေါင်းဆောင်တွေ အစုံအညီနဲ့ ရွက်စုံလွှင့်၊ တက်ကုန်ဖွင်တဲ့ ကာလတွေလို့ ပြောရင်လည်း မမှားပါဘူး။

ဒါပေမဲ့ ရွှေရောင်ကာလတွေက သိပ်မကြာလိုက်ပါဘူး။ ၁၉၉၇ ခုနှစ်မှာတော့ သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောထား ကွဲလွဲပြီး NLD ပါတီကနေ အနားယူခဲ့တာ ကွယ်လွန်ချိန်အထိပါပဲ။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးကြည်မောင်တို့အား ၁၉၉၅ ခုနှစ်တွင် ထိန်းသိမ်းခံထားရာမှ ပြန်လည် လွတ်မြောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့တွင် ပြုလုပ်ခဲ့သည့် စနေ၊ တနင်္ဂနွေ လူထုဟောပြောပွဲ၌ တွေ့ရစဉ်။
(ဓာတ်ပုံများကို မိုးမခမီဒီယာ ဝက်ဘ်ဆိုက်မှ ရယူဖော်ပြသည်)

NLD ပါတီက သူ အနားမယူခင် ၁၉၉၅ ခုနှစ်နဲ့ ၁၉၉၇ ခုနှစ်ကြားမှာ လုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ “အချိန်မရွေး နိုင်ငံရေးက ထွက်ဖို့ ပြင်ဆင်ထားပါတယ်။ ကျွန်တော့်ရဲ့ လုပ်ရပ်အပေါ် ပါတီဝင်တစ်ဦးဦးက မကျေနပ်ရင် ဘာကန့်သတ်ချက်မှ မထားဘဲ နုတ်ထွက်ပေးဖို့ အသင့်ပါ။ လုပ်ဖော်ကိုင်ဖက်တွေကို ကျွန်တော်ပြောထားတာက ဒါဟာ ဂိမ်းကြီးတစ်ခု၊ ငါတို့ဟာ Player တွေ ဖြစ်တယ်။ ဒီတော့ အတ္တမာနတွေ သိပ်မများစေနဲ့၊ မဟုတ်တာတွေ မလုပ်နဲ့။ ကျွန်တော့် လုပ်ဆောင်ချက်တွေကို မကြိုက်ရင်၊ သဘောမတွေ့ရင်၊ မကျေနပ်ရင် ကျွန်တော်အဖွဲ့က ထွက်သွားရုံပါပဲ။ ကျွန်တော့်အိမ်က ဒေါ်စု ဆီလာဖို့ မိနစ်ပိုင်းလောက် လျှောက်လာရုံနဲ့ ရောက်တယ်လေ။ ဒီတော့ အိမ်ကို အသာလေး လမ်းလျှောက် ပြန်သွားလိုက်ရုံပါပဲ။ ဒီသဘောထားကို ကျွန်တော်က ဂုဏ်သိက္ခာတစ်ခုလို့ မြင်ပါတယ်”

NLD ကို သူ တကယ် စွန့်ခွာတော့လည်း သူပြောခဲ့တဲ့အတိုင်း အသာကလေးပါပဲ။ သူ့ထံက တရားဝင်ပြောဆိုမှု ဘာမှ ထွက်မလာပါဘူး။ မှန်းဆပြောဆိုမှုတွေသာ ရှိပါတယ်။

နှစ်အနည်းငယ် ကြာပြီးမှ အဲဒီကိစ္စအပေါ် မေးမြန်းကြည့်တဲ့အခါ သူနဲ့ ဒေါ်အောင်ဆန်းစုကြည် သဘောထားကွဲလွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူက ဒီလိုပြောပါတယ်။

“သူ့ကို ဆုံးဖြတ်ချက်ချသူ (Decision Maker) အဖြစ် ငါ လက်ခံပါတယ်။ ဒါပေမဲ့ သူလုပ်ချင်တာတွေကို မလုပ်ခင်မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ချပြဆွေးနွေးဖို့တော့ လိုလိမ့်မယ်။ သူက အဲဒီလိုမလုပ်ပဲ သူလုပ်ချင်ရာ လုပ်ပြီးမှ လာပြောတယ်။ အဲဒါကို ငါ လက်မခံနိုင်ဘူး”

အခြားသော အကြောင်းအရာများလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ သူက စုပေါင်းဦးဆောင်မှု ပုံစံကို ကြိုက်သူဆိုတော့ ဒီလိုဖြစ်ရပ်တွေကို စိတ်ပျက်သွားပုံ ပေါ်ပါတယ်။ NLD က အနားယူပြီး သူ့ဘဝရဲ့ နောက်ပိုင်းနေ့ရက်တွေကိုတော့ လူငယ်တွေကို စာသင်ပေးနေတာ၊ စာတမ်းတွေ ပြုစုတာ နှစ်ခုနဲ့ပဲ ကုန်ဆုံးစေခဲ့ပါတယ်။

NLD မှာ သူ တာဝန်ယူစဉ် ကာလတုန်းက အဲလန်ကလီမင့်က သူ့ကို “မိမိရဲ့ သေမယ့်အရေးကို ခင်ဗျား ဆင်ခြင်ဖူးပါသလား”ဆိုတဲ့ မေးခွန်းကို သူပြန်ဖြေပုံက “ဆင်ခြင်တာပေါ့ဗျာ။ တနင်္ဂနွေနေ့မှာ မတ်တပ်ရပ်ပြီး လူထုကို စကားပြောတုန်းက ကျည်ဖူးတစ်ခုက ကျွန်တော် နှလုံးသားကို ဖောက်ထွင်းသွားတယ်။ သွေးတွေ ထွက်တယ်။ ကျွန်တော် လဲကျသွားတယ်။ တစ်ခါတစ်လေ အဲဒီလို ကျွန်တော် မြင်အောင်ကြည့်တယ်။ ဒါပေမဲ့ ကျွန်တော် မမှုဘူး။ လုံးဝကို မမှုဘူး။ ဂရုလည်း မစိုက်ဘူး။ ကျည်ဆံထိပ်ဖူး လာချင်တယ်ဆိုလည်း လာပေါ့ဗျာ။ သို့သော် ကျွန်တော် ကြောက်မိတာက ကျွန်တော် သိပ်အားအင်ချည့်နဲ့ပြီး အလွယ်ကူဆုံးလမ်းက ထွက်လမ်းရှာမိမှာကိုပါ။ အိပ်ရာထဲ တစ်နေကုန် လူးလိမ့်နေပြီး နောက်ထပ် အကြွင်းမဲ့ အာဏာရှင်အစိုးရကြီးတစ်ဖွဲ့ ပြိုလဲသွားတဲ့အကြောင်း ရေးထားတဲ့စာအုပ်တွေကို ဖတ်နေရမှာကို ကြောက်တာပါ”

ဟုတ်ပါတယ်။ သူပြောခဲ့သလိုပဲ သူ နှလုံးရောဂါ ခံစားရလို့ သူ့ကို ဆရာဝန်က အိပ်ရာပေါ်မှာပဲ လုံးဝနားဖို့ ညွှန်ကြားချက်ကို သူ မလိုက်နာပါဘူး။ သူ အသက်ရှင်စဉ် ကာလမှာ လောကကို တစ်ထောင့်တစ်နေရာက အကျိုးပြုဖို့အတွက် လုပ်ရမယ်ဆိုတဲ့အတိုင်း သူ့အချိန်ဇယားအတိုင်းပဲ သူ ဆက်သွားပါတယ်။

၂၀၀၄ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့မှာတော့ နှလုံးရောဂါနဲ့ သူ ကွယ်လွန်ခဲ့ပါတယ်။ သူ့ဆန္ဒကတော့ သူနဲ့ပတ်သက်လို့ ဘာအမှတ်တရမှ ချန်ထားချင်သူ မဟုတ်ပါဘူး။ ရေထဲက ပျံတက်လာတဲ့ ငှက်တစ်ကောင်လို ဘာ ခြေရာလက်ရာမှ မကျန်ခဲ့ချင်သူပါ။ အဲဒီလို သူဖြစ်ချင်သော်ငြားလည်း ယနေ့အချိန်အထိ ခေါင်းဆောင်ကောင်းတွေ ရှားပါးနေတဲ့ တိုင်းပြည်ကတော့ သူ့ကို အမှတ်ရဆဲပါ။ နှမြောနေဆဲပါ။ အကြောင်းတိုက်ဆိုင်တိုင်း သူ့အကြောင်းကို ပြောနေကြဆဲပါပဲ။

ရေးခဲ့သမျှ အားလုံးကို ပြန်ချုပ်ကြည့်လိုက်မယ်ဆိုရင် သူ့ကို မဟုတ်မခံတဲ့ စိတ်ဓာတ်ရှိသူ၊ ရာထူးဌာနန္တရအတွက် ဦးမညွှတ်သူ၊ မူရှိတဲ့သူ၊ အုပ်စုစွဲမရှိသူ၊ ပုဂ္ဂိုလ်ရေး ထင်ပေါ်ကျော်ကြားမှုကို မလိုလားသူ၊ သူ မယုံကြည်တာတွေကို ဘယ်အကြောင်းနဲ့မှ ခေါင်းမညိတ်သူအဖြစ် မြင်တွေ့ရပါတယ်။

နောက်ဆုံးအနေနဲ့ သူ့ထံမှာ နှစ်ရှည်လများ စာသင်ခဲ့တဲ့ တပည့်တစ်ယောက်ရဲ့ စကားကလေးနဲ့ နိဂုံးချုပ်ပါရစေ။

“သူဟာ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ဖြစ်ခဲ့သလို၊ ဆရာလည်း ဟုတ်ပါတယ်။ ဖခင် တစ်ယောက်ဆိုလည်း မမှားပါဘူး။ သူ သင်ပေးခဲ့တာတွေကတော့ အများကြီးပါ။ အင်္ဂလိပ်စာ၊ ဂီတ၊ သမိုင်း၊ နိုင်ငံရေး၊ အတွေးအခေါ် စုံလို့ပါပဲ။ ဒါပေမဲ့ သူ သင်ပေးတာ မဟုတ်ဘဲ ကျွန်တော်တို့ ရလိုက်တာ တစ်ခုကတော့ တန်ဖိုးအရှိဆုံးပါပဲ။ အဲဒါကတော့ “လောကဓံနဲ့ အတူနေထိုင်နည်းပါပဲ”။ သူဟာ သူ့ဘ၀ တစ်လျှောက်လုံးမှာ သူ မယုံကြည်တဲ့အရာတွေကို ရာထူး၊ ဂုဏ်ဒြပ်တွေ စွန့်လွှတ်ပြီး ဆန့်ကျင်ခဲ့သလို အဲဒီလိုလုပ်လို့ဖြစ်ပေါ်လာတဲ့ လောကဓံတွေကိုလည်း တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ပြီး နေပြ၊ သေပြ သွားခဲ့ပါတယ်။”

■ ကျမ်းကိုးစာရင်း

မြဝင်း၊ တပ်မတော် ခေါင်းဆောင်များ သမိုင်းအကျဉ်း

ဝေးသာလွန်း၊ ၂၀၁၃၊ ဦးကြည်မောင်၏ နှစ်ကိုယ်ကြားပြောစကား၊ သံလွင်ငြိမ်းချမ်းစာပေ

ဦးကြည်မောင်၊ ၂၀၁၄၊ အုပ်ချုပ်ပိုင်ခွင့်နှင့် ဂန္ဒီခန်းမ မိန့်ခွန်း၊ ရန်ကုန်၊ တောရိုင်းနှင်းဆီစာပေ


A Man for all Seasons

By Tin Maung Oo

This article examines U Kyi Maung’s life and the lessons offered by his response to its many ups and downs. As a soldier, he kept a distance from politics and money. U Kyi Maung did not side with either the socialist or communist political factions. Since he did not believe in socialism or General Ne Win, he resigned from the Tatmadaw in 1963. Authorities detained him in 1965 on charges of alleged involvement in a coup plot. When the National League for Democracy (NLD) was established, U Kyi Maung became a central executive committee member. Under his leadership, the party won a landslide electoral victory in 1990. Soon after that, authorities arrested him again. He had held the position of Vice Chairman before he resigned from the NLD in 1997. Throughout his life, he upheld his beliefs at substantial costs and sacrifice. He is someone who showed that he was not afraid to die for his beliefs. At the same time, he was afraid of appearing weak and choosing the easy way out. With these ideals, he followed his ideals and made many contributions to society throughout his life.



Leave a Reply

Your email address will not be published. Required fields are marked *