News

ISP-Myanmar အဖွဲ့ဝင် ကိုအောင်မျိုးထက်ကိုထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ခြင်းအား ပြင်းထန်စွာကန့်ကွက်ခြင်း

By ISP Admin | December 2, 2021

၁။ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၌ တာဝန် ထမ်းဆောင်နေသူ တဦးဖြစ်သည့် ကိုအောင်မျိုးထက်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူ မြို့နယ်တရားရုံး (ရွှေဘိုထောင်တွင်းတရားရုံး)က ပုဒ်မ၅၀၅ – က ဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ် လိုက်ခြင်းအား ISP-Myanmar အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ပါသည်။

၂။ စာနယ်ဇင်းသမားအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ကိုအောင်မျိုးထက်သည် ၂၀၂၁ ခုနှစ် ဧပြီ ၂၀ ရက်တွင် ၎င်း၏ ဇာတိဖြစ်သောစစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့၌ လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူဖြစ်သည်။၎င်းကို ဖမ်းဆီးချိန်၌ သတင်းထောက်ဟု ယူဆ၍ လည်းကောင်း၊ DVB နှင့် Mizzima သတင်းဌာနများသို့ သတင်းများ ပေးပို့သည်ဆိုသော ယူဆချက်ဖြင့်လည်းကောင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရှိရကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က ဖြင့် တရားစွဲဆိုခဲ့ပါသည်။

၃။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression) ဖိနှိပ်ခံနေရချိန်၌ ကိုအောင်မျိုးထက်ကို ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်ခြင်းသည် မြန်မာနိုင်ငံ၌ သတင်းမီဒီယာ လွတ်လပ်ခွင့် ကင်းမဲ့နေခြင်းအား ထပ်မံ ပြဆိုလိုက်သော သာဓကတခု ဖြစ်ပြီး ယခုချမှတ်လိုက်သည့် အမိန့်ကို ပြန်လည် ပြင်ဆင်ရန် ISP-Myanmar က အလေးအနက် တိုက်တွန်းပါသည်။

၄။ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံတွင် စာနယ်ဇင်းသမား ၁၁၆ ဦးထက်မနည်း ဖမ်းဆီး ခံခဲ့ရသည်။ ထိုအထဲတွင် ၇၉ ဦးအား ပြန်လွှတ်ပေးခဲ့သည် ဆိုသော်လည်း ၃၇ ဦးမှာ လက်ရှိအချိန်အထိဖမ်းဆီး ခံထားရဆဲဖြစ်ပြီး၊ နှစ်ဦးမှာ ထောင်ဒဏ် ချမှတ်ခံထားရသည်။ ယင်းသို့ ဖမ်းဆီး ထောင်ချ တရားစွဲဆိုထားသောစာနယ်ဇင်းသမား အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်နှင့် တရားစွဲဆိုထားမှုများအား ရုပ်သိမ်းပေးရန် ISP- Myanmar ကအလေးအနက် တောင်းဆိုပါသည်။

၅။ ISP-Myanmar သည် လွတ်လပ်သော သုတေသန အဖွဲ့အစည်းတခုဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနှင့် အရပ်ဘက် အဖွဲ့အစည်းများ ရှင်သန် အားကောင်းရေး အတွက် ၂၀၁၆ ခုနှစ်မှ စတင်ကာ အစဉ်တစိုက်လုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်ပါသည်။



Leave a Reply

Your email address will not be published. Required fields are marked *