AnalysisINTERVIEWS

နိုင်ငံရေးပါတီသစ်တစ်ရပ် ပေါ်ထွက်လာရန် ကြိုးပမ်းနေသူ ကိုကိုကြီးအား မေးမြန်းခြင်း

By The Editor | March 7, 2018

ရွေးကောက်ပွဲ နည်းလမ်းနဲ့၊ ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါကျတော့ ကျွန်တော်တို့ စစ်ဘက်-အရပ်ဘက်ကို အာရုံစိုက်ရင်း၊ ပြောနေကြရင်းနဲ့ အရပ်ဘက်-အရပ်ဘက် ဆက်ဆံရေးဟာ သတိမပြုမိသလို ဖြစ်နေတယ်။

■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သား ဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လို ဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။

■ ဖြေ   –         ကျွန်တော့်အမြင် ပြောရရင်တော့ အများပြောနေကြတာက စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးပေါ့။ ဘာကြောင့်လဲဆိုတော့ စစ်ဘက်က ရာနှုန်းပြည့် ချုပ်ကိုင်ထားရာကနေပြီးတော့ ပြင်ဖို့၊ ပြောင်းဖို့ ငြင်းကြရင်းနဲ့ပဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် အပြောင်းအလဲ ဖြစ်လာတဲ့ အခါကျတော့ စစ်တပ်က တရားဝင်အားဖြင့် ၂၅ ရာခိုင်နှုန်းနဲ့ အရေးကြီးတဲ့ ဝန်ကြီးဌာန သုံးခုကို ချုပ်ကိုင်ထားတဲ့ပုံစံ ပြောင်းသွားတယ်။ အဲဒီလို ပြောင်းသွားတဲ့ အခါကျတော့ ကျွန်တော့်တို့က ၇၅ ရာခိုင်နှုန်း၊ ၂၅ ဒီဟာကို ဖွဲ့စည်းပုံပြောင်းဖို့ ပြောကြ ဆိုကြတာက စစ်ဘက်-အရပ်ဘက် ခေါင်းစဉ်နဲ့ ပြောနေကြတာများတယ်။ အဲဒီတော့ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးလို့ ပြောရင် ဘာကြောင့် စစ်ဘက်က နိုင်ငံရေးထဲမှာ ဒီလောက် ထဲထဲဝင်ဝင် ပါလာသလဲဆိုတော့ သူကလည်း အကြောင်းပြတာ ပြည်တွင်းစစ်ကြောင့်၊ ပြည်ထောင်စုကြီး ပြိုကွဲမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပါလာတော့  စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးလို့ပြောရင် ပြည်တွင်းစစ်၊ ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုတာတွေနဲ့ ဆက်စပ်နေတယ်။ အဲဒီမှာမှ ရွေးကောက်ပွဲ နည်းလမ်းနဲ့၊ ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါကျတော့ ကျွန်တော့်တို့ စစ်ဘက်-အရပ်ဘက်ကို အာရုံစိုက်ရင်း၊ ပြောနေကြရင်းနဲ့ အရပ်ဘက်-အရပ်ဘက် ဆက်ဆံရေးဟာ သတိမပြုမိသလို ဖြစ်နေတယ်။ အရပ်ဘက်-အရပ်ဘက်ဆိုတာ ပြောချင်တာက တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ အခြားဒီမိုကရက်တစ် ပါတီတွေ အဲဒီပါတီတွေနဲ့ အချင်းချင်းအကြား ဆက်ဆံရေး၊ အရပ်ဘက်-အရပ်ဘက် ဆက်ဆံရေးဟာ ရွေးကောက်ပွဲနည်းလမ်း တစ်ခုတည်းနဲ့ ဖြေရှင်းလို့ ရနိုင်ပါ့မလား။ ဒါဟာ ကျွန်တော့်တို့ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ မြင်တယ်။  ဘာကြောင့်လဲဆိုတော့ ဥပမာအားဖြင့် ငြိမ်းချမ်းရေးကိစ္စဆိုရင် တကယ်က ဖွဲ့စည်းပုံကိစ္စ၊ လွှတ်တော်ကိစ္စရဲ့ ဘောင်ထက်ကျော်တယ်။ ဘာလို့လဲဆိုတော့ သူတို့က နဂိုကတည်းက ဖွဲ့စည်းပုံကိစ္စကို လက်ခံ မထားဘူး။ လွှတ်တော် ရွေးကောက်ပွဲ အဝန်းအဝိုင်းထဲမှာလည်း ရှိမနေဘူး။ အဲဒီတော့ လွှတ်တော် အဝန်းအဝိုင်းထဲကနေပြီးတော့ ပြုပြင်ပြောင်းလဲလို့ ရနိုင်တာက အရပ်ဘက် တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေရဲ့ အခန်းကဏ္ဍ empower (လုပ်ပိုင်ခွင့်ပေးခြင်း) လုပ်နိုင်မှ၊ သူတို့ကို မြှင့်တင်ပေးနိုင်မှ တဖက်က နိုင်ငံရေးကြောင့်ဖြစ်တဲ့ ပြည်တွင်းစစ် ပြဿနာကို အရှိန်လျှော့နိုင်မယ်လို့ ကျွန်တော်တို့က မြင်တယ်။ အခုဟာကတော့ ရွေးကောက်ပွဲစနစ်က နိုင်သူအကုန်ယူ ဆိုတဲ့စနစ် ဖြစ်နေတာရယ်၊ တကယ်လို့ နိုင်ခဲ့ရင်တောင်မှ ကိုယ့်ပြည်နယ် ဝန်ကြီးချုပ်ကိုတောင်မှ ရွေးကောက်ပွဲ ရလဒ်က မဖန်တီးပေးနိုင်တာရယ်ကြောင့်၊ သမ္မတက တိုက်ရိုက်ခန့်တယ် ဆိုတော့ တိုင်းရင်းသား နိုင်ငံရေးပါတီများဘက်က နိုင်ငံရေးပြဿနာကို အရပ်ဘက် နိုင်ငံရေးအင်အားစု၊ တိုင်းရင်းသား အင်အားစုတွေနဲ့ ဖြေရှင်းနိုင်တဲ့ အခွင့်အလမ်းက တော်တော်နည်းတယ်လို့ မြင်တယ်။ အဲဒီအခါကျတော့ လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသား အင်အားစုများ အနေနဲ့ကလည်း လက်ရှိနိုင်ငံရေး အခင်းအကျင်းထဲမှာ ပြဿနာကို ဖြေရှင်းနိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက်က တော်တော်နည်းတယ်။ ဒါကြောင့်မလို့ ပြည်တွင်းစစ်ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ ပြောရင်တောင်မှ အရပ်ဘက် တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ ဒီအကူးအပြောင်းကာလမှာ အရေးကြီးတယ်လို့ မြင်တယ်။ ဒုတိယတစ်ခုကတော့ စီးပွားရေးပိုင်း၊ ဖွံ့ဖြိုးရေးပိုင်းပေါ့။ တစ်ဖက်က အခြေခံပြည်သူတွေရဲ့ စားဝတ်နေရေးပြဿနာ၊ လူမှုရေးပြဿနာ၊ စီးပွားရေးပြဿနာတွေဟာ ဖြေရှင်းပေးနိုင်ဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍ
အဖြစ် အာရုံစိုက်ရမယ်လို့ မြင်တယ်။

■ မေး။ ။ ဒုတိယမေးခွန်းကတော့ ရှေ့တိုး၊ မတိုးဆိုတဲ့ သုံးသပ်ချက်ကနေ နောက်ကြောင်းပြန်နိုင်ခြေ ရှိ၊ မရှိ ဆိုတဲ့အကြောင်းပါ။ မြန်မာ့ အသွင်ကူးပြောင်းရေးလှိုင်းကို နောက်ကြောင်းပြန်စေမယ့် အဓိက အကြောင်းတွေ ရှိမယ်ဆိုရင် ဘာတွေလို့ ထင်ပါသလဲ။

■ ဖြေ။  ။ နောက်ကြောင်းပြန်တယ် ဆိုတာ တချို့ကတော့ စစ်တပ်က အာဏာသိမ်းမယ် ဆိုတာမျိုး စိုးရိမ်ကြတာ ရှိတယ်။ ကျွန်တော့်အမြင်ကတော့ စစ်တပ်က အာဏာသိမ်းဖို့ မလိုတော့အောင်ကို ဖွဲ့စည်းပုံအရ တော်တော်လေး ပြင်ဆင်ထားတယ်လို့ မြင်တယ်။ အဓိကက ပုဂ္ဂိုလ်ရေး ဗဟိုပြုတဲ့ နိုင်ငံရေးဟာ ကာလအကန့်အသတ် ရှိတယ်။ ဒီပုဂ္ဂိုလ်ရဲ့ ကျန်းမာရေးအခြေအနေ၊ သူ့ရဲ့ အသက်အရွယ်ပေါ်မှာ မူတည်ပြီးတော့ အဲဒီအတွက်ကို ကြိုတင်ပြီးတော့ ပြင်ဆင်ထားတဲ့ အစီအစဉ် ပြင်ဆင်မထားနိုင်ရင်တော့ အရပ်ဘက် နိုင်ငံရေးအင်အားစုတွေဘက်မှာ အားလျော့နိုင်တယ်။

■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေး အောင်မြင်မှုနဲ့ ကျရှုံးမှုကို ဘယ်အင်အားစုတွေက (ဥပမာ-  နိုင်ငံရေးပါတီများ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံတကာ စသဖြင့်) အဓိက ပြဋ္ဌာန်းနိုင်သလဲ ဆိုတာ ရေတို၊ ရေရှည် အရေးပါမှုတွေနဲ့ ချိတ်ဆက် သုံးသပ်ပေးပါဦး။

■ ဖြေ။ ။ အဓိက,ကတော့ ပြည်တွင်းမှာရှိတဲ့ အရပ်ဘက် အင်အားစုတွေ၊ နောက်တစ်ခါ CSOs အရပ်ဘက် အဖွဲ့အစည်းတွေ၊ နောက် မီဒီယာတွေ ဒီနယ်ပယ်တွေ အားလုံးက ဒီမိုကရေစီနဲ့ ဟန်ချက်ညီညီ သွားဖို့ လိုတယ်လို့ မြင်တယ်။ ပြည်ပ ဆိုတာကတော့ နိုင်ငံတကာက ကျွန်တော်တို့ကို အထောက်အပံ့ပေးတာ၊ ကူညီအားပေးတာက လွဲပြီးတော့ အဆုံးအဖြတ်နေရာမှာတော့ မရှိဘူးလို့ပဲ မြင်တယ်။ ဒါကြောင့်မို့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး အင်အားစုတွေ၊ လက်ရှိ အခြေအနေမှာလည်း စစ်တပ်က နိုင်ငံရေးထဲမှာ တောက်လျောက် အရေးပါတဲ့ အခန်းကဏ္ဍက ပါနေတာဖြစ်တော့ ကျွန်တော်တို့ ပြည်တွင်းမှာရှိတဲ့ အရပ်ဘက် အင်အားစုတွေ၊ စစ်ဘက် အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေကြားထဲမှာ ကျွန်တော်တို့က မျှခြေတစ်ခုကို ဘယ်လောက် ရှာဖွေဖော်ထုတ်နိုင်မလဲ၊ ဖြေရှင်းနိုင်မလဲဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်လို့ ကျွန်တော်က မြင်ပါတယ်။ အရေးအကြီးဆုံးကတော့ ပြည်သူတွေရဲ့ အခန်းကဏ္ဍပဲ။ ပြည်သူတွေဘက်က အခု လာမယ့် ရွေးကောက်ပွဲတွေမှာ တကယ့်ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် အရေးပါတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို စနစ်ထဲမှာ ပါလာဖို့အတွက် ဝိုင်းပြီးတော့ ပြင်ဆင်သင့်တယ်၊ ကြိုးပမ်းသင့်တယ်လို့ မြင်ပါတယ်။

■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့အတွက် ဘယ်လို နိုင်ငံရေး၊ စီးပွားရေး မူဝါဒပေါ်လစီတွေကို ဦးစားပေး ဆောင်ရွက်သင့်သလဲ၊ ဘယ်လို မူဝါဒမျိုးတွေကတော့ ကျဆုံးခြင်း အစုန်လမ်းကို ဆင်းသွားမလဲဆိုတာ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ဖြစ်ရပ်တွေပေါ် ဥပမာပေး ဆွေးနွေးပေးပါ။

■ ဖြေ။  ။ နိုင်ငံရေး အသွင်ကူးပြောင်းမှုက လက်ရှိလည်း ဆောင်ရွက်နေတယ်။ တချိန်တည်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ အပိုင်းကို ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ထဲထဲဝင်ဝင် တိုင်ပင်ပြီးတော့ အခြေခံ အဆောက်အဦး ကောင်းကောင်းတွေ၊ အခြေခံ အဆောက်အဦး ဆိုတာက ဥပဒေပိုင်းဆိုင်ရာ အာမခံချက်ရှိတဲ့ ဝန်းကျင်မျိုးတွေ ဖန်တီးပေးသင့်တယ်။ တဖက်က ရင်းနှီးမြှုပ်နှံဖို့ လာတဲ့သူတွေက တခါတလေကျတော့ ဒီမိုကရေစီ ဟုတ်သလား၊ မဟုတ်သလား ဆိုတာ တိုင်းတာတာထက်ကို သူတို့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ ဘယ်လောက် အာမခံချက် ရှိသလဲ၊ သူတို့ ကုန်ကျမယ့်အရာနဲ့ အကျိုးအမြတ်ပေါ့။ အကျိုးရလဒ်နဲ့ အချိုးက ဘယ်လောက်ရှိမလဲ ဆိုတဲ့ အခြေအနေတွေပေါ်မှာ လက်တွေ့ကျကျ စဉ်းစားကြတာဖြစ်တော့ နိုင်ငံရေးစနစ်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အာမခံတဲ့ နိုင်ငံရေးစနစ်၊ ဥပဒေ အဝန်းအဝိုင်းရှိဖို့ အဲဒါကို အာရုံစိုက်ဖို့ လိုတယ်လို့ မြင်ပါတယ်။ နောက်တစ်ခုကတော့ ရင်းနှီးမြှုပ်နှံမှု လာလုပ်မယ့် သူတွေအတွက် လိုအပ်တဲ့ အဆောက်အဦတွေပေါ့။ ရေ၊ မီး၊ လမ်းပန်းဆက်သွယ်ရေး၊ အင်တာနက် အစရှိသဖြင့် ဒါမျိုးတွေ ကျွန်တော်တို့က အဲဒါတွေကိုလည်း တဖက်က ပြည့်ပြည့်စုံစုံ ဖန်တီးပေးနိုင်ရင်တော့ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှု အလားအလာတွေ ရှိမယ်လို့ ကျွန်တော်ကတော့ မြင်တယ်။

■ မေး။ တချို့နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ သုံးသပ်သူတွေက ပြည်သူတွေရဲ့ စိတ်နေစိတ်ထား mindset မပြောင်းသရွေ့ အသွင်ကူးပြောင်းရေး အောင်မြင်မှာ မဟုတ်ဘူးလို့ ဆိုတတ်ကြတယ်။ အဲဒီ နိုင်ငံရေးဓလေ့ အခြေပြု ရှုမြင်ပုံမျိုး ဘယ်လို သုံးသပ်ပါလဲ။

■ ဖြေ။  ။ ပြည်သူတွေရဲ့ အခန်းကဏ္ဍ အရေးပါတယ် ဆိုတာကတော့ ကျွန်တော်တို့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးက အင်မတန် ထင်ရှားခဲ့တာပေါ့။ သို့သော် ကျနော်တို့က အကူးအပြောင်းကာလကို စီမံခန့်ခွဲတာကျတော့ ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍ အရေးကြီးတယ်လို့ ကျွန်တော် မြင်တယ်။ ဒါကြောင့်မလို့ ပြည်သူတွေအပိုင်း အရေးကြီးသလို တကယ့် အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်များရဲ့ အမြော်အမြင်၊ ကြိုတင်ပြင်ဆင်မှု၊ နောက်တစ်ခုကတော့ အားလုံးကို ပါဝင်နိုင်အောင် စည်းရုံးသိမ်းသွင်းနိုင်မှု အဲဒါတွေက အဓိကကျတယ်။ ဒါကြောင့်မလို့ တကယ့် အကူးအပြောင်းကို ပြည်သူတွေရဲ့ အခန်းကဏ္ဍ အရေးကြီးတယ်။ အကူးအပြောင်းကို စီမံခန့်ခွဲတဲ့ နေရာမှာတော့ ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍက အင်မတန် အရေးကြီးတယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။

■ မေး။ ဦးကိုကိုကြီးက နိုင်ငံရေးပါတီသစ်တစ်ရပ် ပေါ်ထွက်လာဖို့ ဦးဆောင်ကြိုးပမ်းနေသူ တစ်ဦးဖြစ်တယ်။ ဘာကြောင့် ဒီလိုကြိုးပမ်းမှု လုပ်ရပါသလဲ။

■ ဖြေ   ။         ။ အဓိက,ကတော့ ပြည်သူတွေရဲ့ နိုင်ငံရေး ရွေးချယ်မှု ပုံစံပေါ့။ အထူးသဖြင့် ရွေးကောက်ပွဲတွေမှာ မဲပေးတဲ့ပုံစံကို လေ့လာရင် အရင်စနစ်ဟောင်းကို မကြိုက်တဲ့၊ ဆန့်ကျင်တယ် ဆိုတဲ့ဟာကို ရွေးကောက်ပွဲ နည်းလမ်းနဲ့ ပြသခဲ့တယ်။ အဲဒီလို ဆန့်ကျင်တဲ့ အခါမှာလည်း တစုတစည်းထဲ အပြောင်းအလဲကို ဖန်တီးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တဖက်ကို ဆန့်ကျင်ကြောင်း၊ တဖက်ကို မဲပေးပြီးတော့ ပြသတဲ့ပုံစံနဲ့ ဖြတ်သန်းခဲ့တာ ဘာပဲပြောပြော ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ရွေးကောက်ခံ မဲဆန္ဒနယ်မြေရဲ့ ၈၀ ရာခိုင်နှုန်းကျော် နိုင်တယ်ဆိုတာ ကျွန်တော်တို့ အဆင့်တစ်ဆင့်ကို ရောက်ခဲ့ပြီလို့ မြင်တယ်။ နောက်ပိုင်းအဆင့်က ပါတီတွေထဲမှာ ဘယ်ပါတီကို ပိုကြိုက်လို့ ပိုပြီးတော့ ကောင်းတယ်ထင်လို့ ရွေးချယ်တယ်ဆိုတဲ့ ရွေးကောက်ပွဲ မဲပေးမှုပုံစံမျိုး ဖြစ်သင့်ပြီ။ ဒါကြောင့်မလို့ ပြည်သူတွေအတွက် ရွေးချယ်စရာ အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ကောင်းတယ်လို့လည်း မြင်ပါတယ်။ ဒါကြောင့် နိုင်ငံရေးပါတီတစ်ခု အဖြစ်နဲ့ ဖွဲ့စည်းတည်ထောင်ဖို့ ကြိုးစားခဲ့တာပါ။ ကျွန်တော်တို့ ပါတီသစ်အတွက် အရေးကြီးတဲ့ မူဝါဒက တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ ဒီမိုကရေစီ အင်အားစုများနဲ့ ရှေ့သွားမယ့် နိုင်ငံရေးမှာ မဟာမိတ်ဝါဒ ကောင်းကောင်းရှိဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ကတော့ အခိုင်အမာ ယုံကြည်တယ်။



Leave a Reply

Your email address will not be published. Required fields are marked *