ရွေးကောက်ပွဲမဲစာရင်းနှင့်ပတ်သက်ပြီး မသမာမှုများရှိနိုင်သည်ဟု သီတင်းပတ်ပေါင်းများစွာ စွပ်စွဲနေခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နံနက်အစောပိုင်းတွင် တပ်မတော်က အာဏာသိမ်းယူလိုက်သည်။ အာဏာသိမ်ယူမှုဖြစ်စဉ်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်များ၊ လွှတ်တော်တက်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပါတီမှ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များနှင့် ထင်ရှားသည့် နိုင်ငံရေးသမားများအပါအဝင် ရဟန်းတော်တပါးတို့ကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ နိုင်ငံတော်အာဏာအား အဓမ္မရယူရန် ကြိုးပမ်းခြင်းကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ထုတ်ပြန်ပြီး အရေးပေါ်အခြေအနေကြေညာကာ ထိုသို့လုပ်ဆောင်ရခြင်းဖြစ်သည်ဟု တပ်မတော်ဘက်က ပြောဆိုခဲ့သည်။ အရေးပေါ်အခြေအနေကြေညာမှုကို ဒုတိယသမ္မတတဦးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အရေးပေါ်ကာလကို တနှစ်သတ်မှတ်ပြီး မဲစာရင်းများ ပြန်လည်စစ်ဆေးပြီးပါက ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးမည်ဖြစ်ပြီး ကြားကာလတွင် နိုင်ငံတော်၏ အဓိကမဏ္ဍိုင်ကြီးများဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာသုံးရပ်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အပ်နှင်းလိုက်သည်ဟု ယာယီသမ္မတ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ထိုနေ့မှာပင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ)အစည်းအဝေးကို ကျင်းပခဲ့သည်။ သို့သော် အဖွဲ့ဝင် ၁၁ ဦးရှိသည့်အနက် အရွေးကောက်ခံ အရပ်သားအဖွဲ့ဝင်များအား ဖမ်းဆီးထိန်းသိမ်းထားသောကြောင့် ခြောက်ဦးသာ တက်ရောက်ခဲ့သည်။
တပ်မတော်က အာဏာသိမ်းလိုက်မှုအပေါ် လူပေါင်းများစွာက မကျေမနပ်ဖြစ်ခဲ့ကြပြီး ဆန့်ကျင်ကြောင်း ရေးသားဖော်ပြမှုများကို လူမှုကွန်ရက်တခွင်၌ ရေးသားဖော်ပြခဲ့ကြသည်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၏ ပြည်သူ့ပါတီကလည်း ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့သည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ထိခိုက်ပျက်စီးစေမည့် လုပ်ရပ်များကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်နှင့် ငြိမ်းချမ်းစွာ တွေ့ဆုံဖြေရှင်းကြရန်ကို တောင်းဆိုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အာဏာသိမ်းမှုကို ပြည်သူများအနေနှင့် လက်မခံဘဲ ဆန့်ကျင်ရန် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြန်ကြားသည့် စာတစောင်လည်း အင်တာနက်လူမှုကွန်ရက်တွင် ထွက်ပေါ်ခဲ့ပြီး ယင်းသည် အစစ်အမှန်ဖြစ်ကြောင်း NLD နာယက ဦးဝင်းထိန်က အတည်ပြုခဲ့သည်။ ပုဂ္ဂလိဘဏ်များအားလုံးလည်း ပိတ်ထားခဲ့ရသည်။
